သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လူထုကို အမှန်ကိုယ်စားပြုသူ ရွေးနိုင်ဖို့ မဲလာထည့်ကြဖို့လို


ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေစဉ် ( ဧပြီ ၁-၂၀၁၇)

လာမယ့်နိုဝင်ဘာ ၃ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်အောင် အမှန်တကယ် ဆောင်ရွက်ပေးနိုင်မယ့်ပါတီကို ရွေးချယ်နိုင်ဖို့ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေ သေချာသွား မဲပေးကြပါလို့ တိုင်းရင်းသားပါတီခေါင်းဆောင်တွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေ တိုင်းရင်းသားပါတီတွေနဲ့ တသီးပုဂ္ဂလပါတီ ၂၅ ပါတီက ကိုယ်စားလှယ်တွေက လစ်လပ်နေရာ ၁၃ နေရာအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပါတီတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း လစ်လပ်မဲဆန္ဒနယ်တွေမှာ လာမယ့်စနေနေ့ နိုဝင်ဘာလ ၃ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီတွေ မဲဆန္ဒနယ်မြေတွေမှာ မဲဆွယ်စည်းရုံးနေကြသလို တပြိုင်နက်တည်းမှာပဲ ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း ရွေးကောက်ပွဲဥပဒေနဲ့အညီ ကျင်းပနိုင်ဖို့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် တိုင်းရင်းဒေသတွေ ပြည်နယ်တိုင်း ခရိုင်၊မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေဘက်ကလည်း မဲစာရင်းပြုစုတာတွေ ကိုယ်စားလှယ်စာရင်းနဲ့ မဲရုံအနေအထားတွေကို စနစ်တကျဖြစ်ဖို့ လုံခြုံရေးအတွက် ပြင်ဆင်နေကြပြီလည်းဖြစ်ပါတယ်။

လစ်လပ်မဲဆန္ဒနယ်(၁၃)နေရာကတော့ ပြည်သူ့လွှတ်တော်အတွက် ချင်းပြည်နယ် ကန်ပက်လက်၊ ရှမ်းပြည်နယ် လဲချား၊ ရန်ကုန်တိုင်းဒေသကြီး တာမွေ၊ မန္တလေးတိုင်းဒေသ ကြီးမြင်းခြံ၊ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ်မြစ်ကြီးနားနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနဲ့ မန္တလေးတိုင်းဒေသကြီးက ရှမ်းတိုင်းရင်းသားဝန်ကြီး မဲဆန္ဒနယ်တွေ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် လဲချားနဲ့ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာမဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကျားဖြူပါတီရဲ့ ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းက မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မိမိရဲ့ မဲတပြားကို တန်ဖိုးထားတဲ့ အနေနဲ့ရော မိမိတို့ရဲ့ဒေသ မိမိတို့ရဲ့နယ်မြေကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ထားတဲ့ ပါတီတွေကို မဲရုံအရောက်သွားကြဖို့ တိုက်တွန်းပါတယ်။

ကျနော်တို့ ကျားဖြူက အမှန်တကယ်ပြောင်းလဲဖို့ ကျားဖြူပါတီကိုမဲပေးစို့ဆိုတဲ့ အတိုင်း ကျနော်တို့က တကယ်ကို ပြည်သူလူထုရဲ့ဆန္ဒအတိုင်းကိုရော၊ ပြည်သူလူထုက လိုအပ်တဲ့အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ အပြည့်အ၀ရရှိဖို့၊ တိုးတက်ဖွံ့ဖြိုးဖို့အတွက်ကို ကျနော်တို့ လုပ်ဆောင်ပေးချင်တယ်။ သူတို့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေရအောင် ကျနော်တို့ ဆောင်ရွက်ပေးချင်တဲ့ ဆန္ဒရှိလို့လည်း ပြည်သူလူထုတွေအားလုံး လာပြီးတော့ မဲပေးပါ။ ပြည်သူလူထုတွေ အားလုံးလာပြီးမဲပေးကြပါလို့ ကျနော်မေတ္တာရပ်ခံချင်ပါတယ်

လစ်လပ်မဲဆန္ဒနယ်မြေတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်စာရင်းသွင်းထားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ ရှမ်းမဲဆန္ဒနယ်မြေတွေထဲက ရှမ်းပြည်သူတွေအတွက် ရှမ်းပါတီအနိုင်ရရေး မဲဆွယ်စည်းရုံးရေးတွေဆောင်ရွက်နေသလို ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေရဲ့ လုံခြုံရေးနဲ့ မဲရုံတွေရဲ့ အခြေအနေတွေကို ပါတီခေါင်းဆောင်တွေ သွားရောက် လေ့လာနေကြပါတယ်။ ရှမ်းပြည်သူတွေအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ မဲပေးပိုင်ခွင့်ကို တန်ဖိုးထားတဲ့အနေနဲ့ မဲအရောက် သွားပေးကြစေလိုပါတယ်လို့လည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ် SNLD ပြောခွင့်ရလည်းဖြစ်တဲ့ ဦးစိုင်းညွန့်လွင်ကလည်း အခုလိုပြောပါတယ်။

“ကျနော်တို့ပါတီရဲ့ မူဝါဒကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တန်းတူညီမျှရေးပါ။ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပါ။ အဲဒီရည်မှန်းချက်တွေနဲ့ နီးကပ်သွားတဲ့အခါကျလို့ရှိရင်၊ နီးကပ်သွားနိုင်မျိုးဖြစ်ခဲ့လို့ရှိရင်ပေါ့နော်…လူထုအနေနဲ့ နိုင်ငံရေးအာဏာပိုပြီးတော့ ရလာမယ်လေ။ရလာနိုင်တယ်။ အဲဒီလိုရလာနိုင်တယ်ဆိုရင် ခုနက ဖြစ်နေတဲ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ မဲဆန္ဒရှင်အားလုံးကိုတော့ မဲသွားပေးဖို့တော့ တိုက်တွန်းချင်ပါတယ်။ ကျနော်တို့ ပါတီအနှစ် (၃၀) ပြည့်ခဲ့ပါပြီ။ ဒီနှစ် ၃၀ အတွင်း ကျနော်တို့ ဘာတွေလုပ်ခဲ့သလဲဆိုတြာ ပန်ဆန်းစစ်ကြည့်ပြီးတော့ ကျနော်တို့ပါတီကိုတော့ မဲပေးဖို့တော့ တိုက်တွန်းချင်ပါတယ် ။ပြည်သူလူထုအနေနဲ့ ကျနော်တို့ ဒီနှစ် ၃၀ အတွင်း ကျနော်တို့ပါတီက ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေဆောင်ရွက်ပေးခဲ့တယ်၊ တခြားပါတီတွေနဲ့ ယှဉ်ပြီးတော့ မဲပေးသင့်၊ မဲပေးထိုက်တယ်လို့ ယုံကြည်လို့ရှိရင် မဲပေးကြဖို့ တိုက်တွန်းချင်ပါတယ်။”

လစ်လပ်မဲဆန္ဒနယ်မြေ(၁၃)နေရာထဲမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ပြည်နယ်လွှတ်တော်တနေရာလည်း ပါဝင်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် တပြည်နယ်လုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်အများဆုံးနေရာရထားတဲ့ ANP ရခိုင်အမျိုးသားပါတီအနေနဲ့လည်း လစ်လပ်မဲဆန္ဒနယ်မှာ ကိုယ်စားပြု ဝင်ပြိုင်ဖို့ပြင်ဆင်နေကြတဲ့ အခြေအနေ နဲ့အတူ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲဆန္ဒပေးစေလိုတဲ့အကြောင်း မဲဆွယ်စည်းရုံးရေးဦးဆောင်လှုပ်ရှားနေတဲ့ လက်ရှိ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခုလိုရှင်းပြပါတယ်။

“ ကျမတို့ ရခိုင်အမျိုးသားပါတီကတော့ “နိုင်ကိုနိုင်ရမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ရှေ့ ဆက်ပြီး ချီတက်နေပါတယ်။နော်.. အဲဒီအတွက်ကြောင့် ကိုယ့်ရဲ့ မဲဆန္ဒရှင်တွေကလည်း ကိုယ့်ရဲ့ ပြည်နယ်အတွက် အကျိုးရှိမယ့် တကယ့်မြေပြင်အခြေအနေကို ကြည့်ပြီးတော့ လုပ်ဆောင်နိုင်မယ့် ကိုယ်စားလှယ်ကို မဲထည့်ပေးဖို့ တိုက်တွန်းချင်ပါတယ်လို့ပြောချင်ပါတယ်

ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြရမယ့် လစ်လပ် မဲဆန္ဒနယ်တွေကတော့ ပြည်သူ့လွှတ်တော်က ၄နေရာ၊ အမျိုးသားလွှတ်တော်က ၁နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၈နေရာ စုစုပေါင်း ၁၃နေရာ အတွက် ဖြစ်ပြီး- ဝင်ရောက်ယှဉ်ပြိုင်ကြမှာကတော့ လက်ရှိအနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD၊ အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ SNLD- SNDP စတဲ့ တိုင်းရင်းသားပါတီတွေအပါအဝင် တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမယ့် နိုင်ငံရေးပါတီသစ်တွေအပါအဝင် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၆၉ ယောက်က ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။။ ပြီးခဲ့တဲ့ ၂၀၁၇ ဧပြီလ၁ရက် ကြားဖြတ်ရွေးကောက်ပွဲတုန်းကတော့ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ၂၄ပါတီ ဝင်ပြိုင်ကြပြီး NLD ပါတီက ၉ နေရာအနိုင်ရခဲ့ပြီး ပြည်ခိုင်ဖြိုးက ၂ နေရာနဲ့ ကျန်တဲ့ ပြည်နယ်နေရာအများစု ကိုတော့ တိုင်းရင်းသားပါတီတွေက ရရှိထားတာဖြစ်ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ အစိုးရတရပ် အုပ်ချုပ်ရေးအာဏာအလွှဲအပြောင်း အဆုံးအဖြတ်ပေးမယ့်၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး အတွက် ပြည်သူ့ဆန္ဒသဘောထား ခန့်မှန်း သိရနိုင်ဖွယ်ရှိတဲ့အတွက် နိုင်ငံရေးပါတီတွေဘက်ကတော့ အင်တိုက်အားတိုက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြတယ်ဆိုပြီး သုံးသပ်မှုတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG