သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသစ် ဖွဲ့စည်းမည်


 ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်

နိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ဝန်ကြီးဌာနသစ်တခု ဖွဲ့စည်းဖို့ အစိုးရက ပြင်ဆင်ဆောင်ရွက်နေပါတယ်။ သုံးသပ်သူတွေကတော့ ဒီလို ဝန်ကြီးဌာနသစ်တခု ဖွဲ့စည်းတာထက်၊ မူလရှိပြီးသား စီးပွား ကုန်သွယ်မှုနဲ့ဆိုင်တဲ့ ဝန်ကြီးဌာနတွေကို အားဖြည့်ပြီး ရင်းနှီးမြုပ်နှံမှုဆိုင်ရာနည်းဥပဒေပိုင်းကို ပြင်ဆင်ဖို့ လိုမယ်လို့ ထောက်ပြနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက်ကိုကောင်းစံ ပြောပြပါလိမ့်မယ်။

ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနဆိုပီး ဝန်ကြီးဌာနအသစ်တစ်ခု ဖွဲ့စည်းဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရက အဆိုတင်သွင်းခဲ့ပါတယ်။

နိုင်ငံတော်နှင့်ပြည်သူများအတွက်လိုအပ်ချက်ကိုဖြည့်ဆည်းပြီး စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများကိုအစွမ်းကုန်မြှင့်တင်နိုင်ရန်အတွက် "ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန(Ministry of Investment and Foreign Economic Relations)"ကိုဖြည့်စွက်ဖွဲ့စည်းနိုင်ရေး နိုင်ငံတော်သမ္မတကိုယ်စား တာဝန်ပေးအပ်တဲ့ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦးက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှ့တ်တော်မှာ အခုလို တင်ပြလိုက်တာပါ။

"ပြည်ထောင်စု လွှတ်တော်နာယကကြီးခင်ဗျ ဒီကနေ့ နိုင်ငံတကာ အခြေအနေ ဒေသတွင်း အခြေအနေ မိမိတို့နိုင်ငံ ဒေသတွင်းပထဝီဘောဂဗေဒအရ နိုင်ငံတော် နဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆီးပီး စီးပွားရေးနဲ့ ရင်းနှီးမြှပ်နှံမှုတွေကို အစွမ်းကုန် မြှင့်တင်နိုင်ဖို့အတွက် ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဌာနကို ဖြည့်စွပ်ဖွဲ့စည်းနိုင်ရေး နိုင်ငံတော် သမ္မတကြီးက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ ခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား အလို့ငှာ သဘာဝပတ်ဝန်းကျင်နဲ့ လှုမှုပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေတဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှာ ဝန်ကြီးဌာနအသစ်ကို ဖြည့်စွက်ဖွဲ့စည်းရန် လိုအပ်လျက် ရှိတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၂၀၂ပါ ပြဌာန်းချက်နဲ့အညီ ပြည်ထောင်စု လွှတ်တော်ရဲ့ ဘသောတူညီချက်ဖြင့် ခွင့်ပြုပေးနိုင်ရန် ရှင်းလင်းတင်ပြအပ်ပါသည်"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေ မြှင့်တင်ဖို့အတွက် လိုအပ်လို့ရှိရင် အခုလို ဝန်ကြီးဌာန အသစ်တစ်ခု ထပ်မံဖွဲ့စည်းတာကို လက်ခံပါတယ်။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင်လာဖို့ ဒီလို ဆောင်ရွက်ချက်တင်မလုံလောက်ပဲ၊ နိုင်ငံတွင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ လာချင်လောက်တဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေလုပ်ဖို့လိုတယ်လို့ ထောက်ပြပါတယ်။

"လိုအပ်ရင်တော့ ဝန်ကြီးဌာနတစ်ခုကို ဖွဲ့စည်းသင့်တယ်လို့တော့ မြင်တယ်။ဒီ ဝန်ကြီးဌာနဟာ နိုင်ငံတကာ ရင်းနှီးမြှုံနှံမှုတွေကို အရှိန်အဟုန်နဲ့ မြှင့်တင်မယ့် နိုင်ငံတကာနဲ့ စီးပွားရေးဆက်ဆံမှုတွေနဲ့ ပက်သက်ပီးတော့ ဗျူဟာမြောက်ဆောင်ရွက်နိုင်မယ့် ဝန်ကြီးဌာနတစ်ခု ဖြစ်လာမယ်ဆိုရင်တော့ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်လို့ ပြောလို့၇တယ်။တစ်ဖက်ကပြန်ပီးပြောရင်လည်း Investeor Friendly Enviroment လိုမျိုးကိုဖန်တီးသင့်တယ်။နိုင်ငံခြားရင်းနှိးမြှပ်သူတွေကို စွဲဆောင်နိုင်မယ့် အာမခံချက်ပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို နည်းဥပဒေတွေနဲ့အညီ တည်ဆောက်နိုင်မှသာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို မြှင့်တင်နိုင်မှာဖြစ်တယ်။"

ပြည်ပနိုင်ငံတွေကို စားသုံးဆီတင်ပို့ရောင်းချသူ လုပ်ငန်းရှင်တဦးဖြစ်တဲ့ ကိုရဲကျော်ဇင်ကတော့ တိုင်းပြည်ကိုလည်းအကျိုးရှိ ရင်းနှီးမြုပ်နှံမှုတွေကို အကာအကွယ်ပေးမယ့် နည်းဥပဒေရေးဆွဲဖို့ ပိုလို့ အရေးကြီးတယ်လို့ မြင်ပါတယ်။

"ဥပဒေပိုင်းဆိုင်ရာတွေမှာ သေချာလေးလုပ်သင့်တယ်လို့ထင်တယ်။ local ကိုလည်း ကာကွယ်ပေးရမယ် ဝင်လာမယ့် FDI ကိုလည်း ကာကွယ်ပေးရမယ် ဝင်လာချင်အောင်စွဲဆောင်နိုင်မယ့် ဥပဒေတခုလုပ်ပေးလေ။ အဲဒါကို အရင်လုပ်သင့်တယ်လို့ထင်တယ် အခု FDI တွေက စဉ်းစားမယ်နော် မြန်မာနိုင်ငံမှာ intellectual property တွေ အဲလိုမျိုး လိုနေတာတွေအများကြီးပဲ မရဲဘူး။ အကိုသာ FDI နေရာမှာသာဆိုရင် မြန်မာနိုင်ငံမှာ ဝင်ပြီး ရင်းနှီးမြှုပ်နှံဖို့ လုံးဝမရဲဘူး ဘာမှမသေချာသေးလို့။ သူတို့ဘက်ကနေလည်းစဉ်းစားကြည့် လုံး၀ လာပြီး ရင်းနှီးမြှုပ်နှံဖို့ လုံးဝမရဲဘူး ။ အဲလိုမရဲတာတွေ ရဲရဲကြီးဝင်လာအောင် လုပ်ပေးရမယ် ကတိပေးရမယ်။"

အခု အသစ်ဖွဲ့မယ့်ဝန်ကြီးဌာနနဲ့ ပတ်သက်လို့ အစိုးရရဲ့ အဆိုပြုချက်အပေါ် မှာ နိုဝင်ဘာလ ၁၅ရက်နေ့မှာ လွှတ်တော်မှာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါပေမယ့် NLD ပါတီကပဲ အများစုရှိနေတဲ့ လွှတ်တော်ထဲမှာ အစိုးရအဆိုပြုချက်အပေါ် ပြင်းထန်တဲ့အတိုက်အခံလုပ်တာတော့ ကြုံရမယ့်သဘောမရှိပါဘူး။ NLD ပါတီ အစိုးရဖွဲ့ကာစကတော့အစိုးရအသုံးစရိတ်လျှော့ချနိုင်အောင်လို့ ဆိုပြီး ဝန်ကြီးနည်းနည်းနဲ့ အစိုးရဖွဲ့ဖို့ ပြင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဝန်ကြီးဌာနအချို့ တိုးချဲ့လာခဲ့သလို၊ အရင်က မခန့်ပဲ ထားခဲ့တဲ့ ဒု ဝန်ကြီးနေရာတွေကိုပါ ပြန်ခန့်အပ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဝန်ကြီးဌာန(၂၄)ခုဖြင့် ဖွဲ့စည်းထားပြီး၊ ပြည်ထောင်စုဝန်ကြီး(၂၃)ဦး၊ဒုတိယဝန်ကြီး(၂၀)ဦးတို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG