ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းမှာ လူသေဆုံးမှုအများဆုံးဖြစ်တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် ပျောက်ဆုံးသူဦးရေဟာ ၁ ထောင်ကျော်သွားပြီးဖြစ်ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၇၁ ယောက်ရှိသွားပြီဖြစ်တယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ပျောက်ဆုံးနေသူစာရင်းဟာ ၆၃၁ ယောက်ကနေ အခုဆိုရင် ၁၀၁၁ ယောက်အထိ တိုးလာခဲ့ပြီ ဖြစ်တယ်လို့ Butt ခရိုင်ရဲအရာရှိ Kory Honea က သောကြာနေ့မှာ ပြောပါတယ်။ ဒီစာရင်းထဲမှာ မီးဘေးကနေထွက်ပြေးရင်း သူတို့ကို ပျောက်ဆုံးနေတဲ့သူစာရင်းထဲမှာ ထည့်ထားတာမသိတာမျိုးလည်းဖြစ်နိုင်တာကြောင့် လူဦးရေက အတက်အကျရှိနိုင်တယ်လို့ သူကပြောပါတယ်။ ဒါကြောင့် မီးဘေးကနေ ထွက်ပြေးခဲ့ကြသူတွေအနေနဲ့ အာဏာပိုင်တွေကို သတင်းပို့ကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။
Camp Fire လို့ ခေါ်တဲ့ ဒီတောမီးတွေကို ငြိမ်းသတ်နိုင်ဖို့အတွက် မီးသတ်သမားတွေက အပူတပြင်းကြိုးပမ်းနေကြပြီး ၊ သောကြာနေ့ကတော့ မီးကိုငြှိမ်းသတ်နိုင်ဖို့အတွက် တဖြည်းဖြည်း အသာစီးရလာနေခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ကယ်လီဖိုးနီးယားပြည်နယ်ကို ဒီကနေ့ စနေနေ့မှာ သွားရောက်ပြီး မီးလောင်သွားတဲ့နေရာတွေကို ကြည့်ရှုမှာဖြစ်သလို မီးဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံသွားဖို့ရှိနေပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ရာထူးကနေ အနားယူတော့မယ် ပြည်နယ်အုပ်ချုပ်ရေးမှုဟောင်း Jerry Brown နဲ့ အသစ်ရွေးချယ်တင်မြှောက်လိုက်တဲ့ Gavin Newsom တို့လည်း သမ္မတထရမ့်နဲ့ အတူ ပြည်နယ်တွင်းက မီးဘေးသင့်တဲ့နေရာတွေကို သွားရောက်ကြမှာဖြစ်ပါတယ်။ ဒီတောမီးတွေလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ပြည်နယ်တာဝန်ရှိသူတွေကို အပြစ်တင်ပြောဆိုပြီး ပြည်ထောင်စုအစိုးရရဲ့အကူအညီတွေမပေးဘူးလို့ ခြိမ်းခြောက်ပြီး တပတ်အကြာမှာ သမ္မတထရမ့်ဟာဟာ အခုလို ကယ်လီဖိုးနီးယားပြည်နယ်ကို သွားရောက်တာဖြစ်ပါတယ်။