ပါပူဝါနယူးဂီနီမှာ ကျင်းပတဲ့ အာရှနဲ့ ပစိဖိတ်ဒေသပူးပေါင်းဆောင်းရွက်ရေးအဖွဲ့ APEC ညီလာခံတက်ရောက်နေတဲ့ အမေရိကန် ဒုသမ္မတ Mike Pence နဲ့ တရုတ်သမ္မတ Xi Jinping တို့ဟာ ညီလာခံမိန့်ခွန်းပြောကြားစဉ်အတွင်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ စီးပွါးရေးရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြောကြားခဲ့ပါတယ်။ Pence က APEC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပြန်ပေးဆပ်နိုင်ဖို့ မသေချာတဲ့ ချေးငွေတွေ လက်ခံဖို့ သတိပေးခဲ့သလို အကြွေးတင်ပြီးနောက်မှာ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနိုင်တဲ့အခြေအနေကိုထောက်ပြပြီး ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွါးကို ကာကွယ်ပြီး လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုလိုပဲ ကိုယ့်နိုင်ငံအရေး ရှေ့ တန်းတင်ပါလို့လည်း ဆိုပါတယ်။ အင်ဒို ပစိတ်ဖိတ်ဒေသအတွက် အမေရိကန်အနေနဲ့ အခိုင်အမာရပ်တည်သွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ တရုတ်သမ္မတ Xi ကတော့ ပင်လယ်သမုဒ္ဒရာနဲ့ ကမ္ဘာ့တိုက်ကြီးတွေကိုဖြတ်ပြီး ဖေါက်လုပ်မယ့် ကမ္ဘာ့ရပ်ဝန်း စီမံကိန်း အကြောင်း ပြောဆိုခဲ့ပါတယ်။ အရှေ့တောင်အာရှ၊ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ အာဖရိကတို့ကို ဆက်သွယ်ဖေါက်လုပ်မယ့် စီမံကိန်းရဲ့  နောက်ကွယ်မှာ ဘယ်လို ပထ၀ီနိုင်ငံရေး အကြောင်းရင်းနောက်ခံတွေမှလည်း ရှိမနေဘူးလို့ ရှီက ပြောပါတယ်။
ဒီစီမံကိန်းမှာ ဘယ်သူ့ကိုမှ ချန်လှပ်မထားသလို အဖွဲ့ဝင်တွေအတွက်သာ ဆိုတာမျိုးလည်းမဟုတ်ဘဲ၊ တချို့တွေ တံဆိပ်ကပ်ပြောဆိုစွပ်စွဲသလို ထောင်ခြောက်မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ Pence ဟာ သြစတေးလျဝန်ကြီးချုပ် Scott Morrison နဲ့လည်း တွေ့ဆုံပြီး ပါပူဝါနယူးဂီနီကျွန်းနိုင်ငံအပေါ် အကူအညီပေးမယ့် ကြေညာချက်အတွက် ကြိုဆိုခဲ့သလို ၂ နိုင်ငံ ရေတပ်အခြေစိုက်စခန်း ပါပူဝါနယူးဂီနီမှာ ဆောက်လုပ်မယ့် ကိစ္စကိုလည်း ကြေညာခဲ့ပါတယ်။
ဒီကနေ့မှာဘဲ အမေရိကန်၊ သြစတေးလျနဲ့ ဂျပန်တို့ဟာ အင်ဒို ပစိတ်ဖိတ်ဒေသအတွင်း အခြေခံအဆောက်အအုံတည်ဆောက်ရေး ပူးတွဲဆောင်ရွက်မယ့် အစီအစဉ်ကိုလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ ဒေသဖြစ်ဖို့လည်း ဆောင်ရွက်သွားမယ်လို့ သူတို့က ပြောပါတယ်။