မြန်မာနိုင်ငံသမ္မတက ဖွဲ့စည်းပေးထားတဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်၊ ကုလသမဂ္ဂ CEDAW ကော်မတီ ဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိ အဖွဲ့ဝင်ဖြစ်သူ သံအမတ်ကြီး ရိုဆာရီယို မယ်နာလို၊ ရခိုင် စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် လူသားချင်းစာနာ ထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇို အိုရှီးမားတို့ဟာ ဒီဇင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာကြပြီဖြစ်ကြောင်း အစိုးရ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ အခုတကြိမ်မှာ မြန်မာနိုင်ငံကို ဘာကြောင့်လာကြတယ်ဆိုတာနဲ့ သူတို့ရဲ့ ခရီးစဉ် အသေးစိတ်ကို ဖော်ပြမထားပေမယ့် သူတို့ဟာ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်တာနဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာတွေ ပြုလုပ်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်ပြီး အရေးယူနိုင်ရေးအတွက် စုံစမ်းရေး ကော်မရှင်ကို လုပ်ပိုင်ခွင့် အပြည့်အဝပေးဖို့ မြန်မာ အစိုးရကို အရှေ့တောင်အာရှ နိုင်ငံခြားရေး ဝန်ကြီးတွေက စင်္ကာပူမှာကျင်းပတဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲ အတွင်း တိုက်တွန်းကြောင်း စကာၤပူနိုင်ငံခြားရေး ဝန်ကြီးက Vivian Balakrishnan ကလည်း အောက်တိုဘာလ ၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ပိုင်း မြန်မာအစိုးရတပ်တွေနဲ့ လုံခြုံရေးတပ်တွေက နယ်မြေ ရှင်းလင်းရေးလုပ်ရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာရဲ့ စွပ်စွဲ ပြောဆိုမှုနဲ့ ဖိအားပေးမှုတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အဲဒီ ပြောဆိုမှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ဖိလစ်ပိုင် ဒု နိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့တာပါ။
စုံစမ်းစစ်ေဆေးရေး ကော်မရှင်ဖွဲ့စည်းပြီး တလအကြာ သြဂုတ်လ ၃၁ ရက်နေ့က အဲ့ဒီ့ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် ရခိုင်ပြည်နယ်ခရီးစဉ် စတင်ခဲ့တာမှာ ပထမခရီးစဉ်အဖြစ်နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ မောင်တောဘက်ကို ခရီးဆက် အဲဒီမှာရှိတဲ့ ဒုက္ခသည်စခန်းတွေ၊ မွတ်ဆလင် ကျေးရွာတွေက ဒေသခံတွေကို သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။