သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရ ယာယီ ဘတ်ဂျက် အတည်ပြုဖို့ လွှတ်တော်ကြိုးပမ်း


အမေရိကန် လွှတ်တော်
အမေရိကန် လွှတ်တော်

အမေရိကန်အစိုးရ ယန္တယားတွေ ရပ်မသွားအောင် ဖေဖော်ဝါရီလ ၈ ရက်နေ့ထိ သုံးနိုင်တဲ့ ရေတိုအသုံးစားရိတ်အတွက် လွှတ်တော်မှာ မကြာခင် အတည်ပြုမယ်လို့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်ခေါင်းဆောင် Mitch McConnell ကပြောပါတယ်။

တကယ်လို့ လွှတ်တော်နဲ့ သမ္မတအိမ်ဖြူတော်အကြား ကြားကာလ ရေတိုအသုံးစားရိတ်အတွက် သဘောတူညီချက် မရနိုင်ဘူးဆိုရင် မရှိမဖြစ် လိုအပ်တဲ့ အရေးပေါ် ဝန်ထမ်းတွေကလွဲလို့ ကျန်တဲ့ အစိုးရဌာနတွေက လုပ်ငန်းတွေ သောကြာနေ့ သန်းခေါင်ကျော်ရင် ရပ်ဆိုင်းပစ်ရမှာ ဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရက်တို့ဘက်က သမ္မတ Donald Trump ရဲ့ တောင်းဆိုချက်ကို သဘောမတူတဲ့အတွက် ခုလို ရေတိုအသုံးစားရိတ်ကို အတည်ပြုရေး ဖြစ်လာရတာလို့ Mitch McConnell ကခုလိုပြောပါတယ်။

"ကျနော်တို့ရဲ လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်တွေဘက်က ပါတီစွဲတွေကို ဘေးဖယ်မထားနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သမ္မတ Trump ဟာ ကျနော်တို့နိုင်ငံရဲ့ နယ်စပ်တွေ တည်တန့်ခိုင်မြဲပြီး လုံခြုံမှုရှိဖို့အတွက်သာမက အမေရိကန် မိသားစုတွေရဲ့ ဘေးကင်းရေးအတွက် လိုအပ်တဲ့ ရင်းမြစ်တွေရရှိအောင် သူ့ဘက်က ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့်ထားတယ်ဆိုတာ ပြသခဲ့ပါတယ်။"

နယ်စပ်လုံခြုံရေးမှာ လိုအပ်တဲ့ကုန်ကျစားရိတ်အတွက် ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၁.၃ ဘီလီယံသုံး စွဲဖို့ ဒီမိုကရက်တို့က တင်ပြထားပေမယ့် တံတိုင်းတည်ဆောက်ရေး အသုံးပြုဖို့တော့ မဟုတ်ပါဘူး။ ဒီမိုကရက်ပါတီ လူနည်းစုခေါင်းဆောင် Chuck Schumer ကလည်း ရေတိုအသုံးစားရိတ်အတည်ပြုမယ့် ကိစ္စကို ထောက်ခံမှာဖြစ်ပေမယ့် တံတိုင်းတည်ဆောက်ရေးဟာ ထိရောက်မှုမရှိတဲ့ အလဟသကုန်မယ့်ငွေဖြစ်တဲ့အတွက် ထောက်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်၊။

"ဒီမိုကရက်တွေဘက်က ရှင်းရှင်းလင်းလင်းပြောထားပြီးပါပြီ။ ထိရောက်မှုရှိတဲ့ နယ်စပ်လုံခြုံရေးကို ကျနော်တို့လိုလားပါတယ်။ ဒါပေမယ့် တံတိုင်းဆောက်ဖို့ မဟုတ်ပါဘူး။ နယ်စပ်လုံခြုံရေးကို ဒီမိုကရက်တွေဘက်က ဆန့်ကျင်ကန့်ကွက်နေတယ်ဆိုပြီး သမ္မတနဲ့ ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေဘက်က အကြိမ်ကြိမ် ပြောနေကြပါတယ်။ ဒီကနေ့ မနက်မှာတင် အဲဒီလိုပြောနေကြတာပါ။ ဒါ လုံး၀ မမှန်ပါဘူး။"

သမ္မတ Trump ရဲ့ အကြံပေး Kellyanne Conway ကလည်း သမ္မတဘက်က တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေကိစ္စ တခြားနည်းလမ်းတွေနဲ့ စဉ်းစားမယ်လို့ ခုလိုပြောပါတယ်။

"သမ္မတက တခြားနည်းလမ်းကို ရှာပါလိမ့်မယ်။ လွှတ်တော်ဘက်က ဘယ်လိုတင်ပြလာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ဒီလိုပြောခြင်းအားဖြင့် တံတိုင်းဆောက်မယ်ဆိုတဲ့ ကတိကို သမ္မတဘက်က ဖျက်လိုက်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမဲဆွယ်ပွဲတွေမှာ ပေးခဲ့တဲ့ ကတိကိုပြောနေတာမဟုတ်ပါဘူး။ ပြည်သူပြည်သားတွေကို လုံခြုံအောင်ကာကွယ်ပါ့မယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ တဦးအနေနဲ့ပေးထားတဲ့ ကတိကိုပြောနေတာပါ။"

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်ခဲ့တုန်းက လူဝင်မှုကြီးကြပ်ရေးဥပဒေတွေတင်းကြပ်ပြီး အမေရိကန်- မက္ကဆီကိုနယ်စပ်မှာ တံတိုင်း တည်ဆောက်မယ်လို့ သမ္မတ Trump က ကတိပေးပြောဆိုခဲ့တာပါ။ဒေါ်လာ ဘီလီယံ ပေါင်း ၂၀ ကုန်ကျမယ့် ဒီတံတိုင်း တည်ဆောက်ဖို့ ဒေါ်လာ ၅ ဘီလီယံ ကနဦး သဘောတူဖို့ သမ္မတ Trump က တောင်းခံထားပြီး ဒီတောင်းဆိုချက်ကို ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန် အမတ် တချို့ကအပြင်းအထန် ကန့်ကွက်ထားကြပါတယ်။

လက်ရှိမှာ လွှတ်တော် ၂ ရပ်စလုံးကို ကိုသမ္မတ Trump ရဲ့ ရီပတ်ဘလစ်ကန်ပါတီက ထိန်းချုပ်ထားပေမယ့်လည်း တံတိုင်းတည်ဆောက်ရေး ရှေ့တိုးအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တံတိုင်းတည်ဆောက်ရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတဲ့ ဒီမိုကရက်တို့က အောက်လွှတ်တော်ကို လာမယ့် ဇန်နဝါရီလမှာ ထိန်းချုပ်လိုက်တဲ့အခါ ပြင်းထန်တဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေနဲ့လည်း သမ္မတ Trump ထပ်ပြီးရင်ဆိုင်ရဖို့ရှိနေတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG