အမေရိကန်အထက်လွှတ်တော်က ရီပတ်ဘလစ်ကင်နဲ့ ဒီမိုကရက် အမတ်တွေ စုပေါင်းပြီး နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ထံ ဗုဒ္ဓဟူး နေ့က စာရေးသား ပေးပို့ရာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ နှစ် သြဂုတ်လက ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်ရေး ကျူးလွန်မှုကို genocide လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ်သတ်မှတ်ဖို့ တိုက်တွန်းထားပါတယ်။
အခုလို တိုက်တွန်းစာကို အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီဝင် နယူးဂျာစီပြည်နယ် ဒီမိုကရက်လွှတ်တော်အမတ် Bob Menendez နဲ့ ရီပတ်ဘလစ်ကင်ပါတီက ဖလော်ရီဒါအမတ် Marco Robio တို့ ဦးဆောင်ပြီး၊ ဒီမိုကရက်တစ်ပါတီက မိန်းပြည်နယ် ရီပတ်ဘလစ်ကင်အမတ် Susan Collins ၊ မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက်အမတ် Ed Markey ဗာဂျီးနီးယား ဒီမိုကရက်အမတ် Tim Kaine မေရီလန်းက ဒီမိုကရက်အမတ် Ben Cardin၊ အော်ရီဂွန်က ဒီမိုကရက်အမတ် Jeff Merkley တို့ က လက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးခိုလှုံ စေတဲ့ လုပ်ရပ်ကို မြန်မာစစ်တပ်က စံနစ်တကျ စီစဉ် ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက် တိုက်ခိုက် နှင်ထုတ်ခါ ရိုဟင်ဂျာလျှော့ပါးကွယ်ပျောက် အောင် လုပ်ခြင်းဟာ genocide လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ရာရောက်ကြောင်း သံသယဖြစ်စရာ မရှိဘူးလို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံခြားရေးဌာနရဲ့ စက်တင်ဘာလ ၂၈ က ထုတ်ပြန်ခဲ့တဲ့ PILPG အများ ပြည်သူဆိုင်ရာ နိုင်ငံတကာ ဥပဒေနဲ့ ပေါ်စလီ အဖွဲ့ရဲ့ တွေ့ရှိချက်အရ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ရာ ရောက်တဲ့အတွက် ဒါကို လွှတ်တော်က မဆိုင်းမတွ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
genocide လို့ တရားဝင် သတ်မှတ်ဖို့ ငြင်းဆိုခြင်းဟာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အမှန်ကို မျက်ကွယ်ပြုပြီး တာဝန်ခံမှု တာဝန်ယူမှု မရှိရာ ရောက်တဲ့အပြင် ဒီမိုကရေစီ လူ့အခွင့်ရေးကို ထောက်ခံအားပေးတဲ့ အမေရိကန်အတွက် အစွန်းထင် ကျန်ရစ်စေတယ် လို့လည်း ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အောက်လွှတ်တော်မှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး လူမျိုးတုန်းအဖြစ် သတ်မှတ်ဖို့ အဆိုပြုချက်ကို ထောက်ခံမဲ ၃၉၄ မဲ ကန့်ကွက်မဲ တမဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။