သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားရှိ အမေရိကန်တပ်တွေ စတင်ရုပ်သိမ်း


ဆီးရီးယားရောက် အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့ တင့်ကားများ
ဆီးရီးယားရောက် အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့ တင့်ကားများ

အမေရိကန်ပြည်ထောင်စုက ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကို နှိမ်နင်းနိုင်ခဲ့ကြောင်း သမ္မတ Donald Trump က တွစ်တာမှာ ရေးသားခဲ့ပြီး မကြာခင်မှာပဲ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်တွေကို စတင်ရုပ်သိမ်းခဲ့ကြောင်း သမ္မတအိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဆီးရီးယားရှိ အိုင်အက်စ်တွေ နှိမ်နှင်းရေး အတွက် အမေရိကန်နဲ့ မဟာမိတ်တပ်တွေ စေလွှတ်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး နောက်တဆင့်ကူးပြောင်းမှု အနေနဲ့ အဲဒီက အမေရိကန်တပ်ဖွဲ့တွေ စပြီး ဌာနေကိုပြန် ခေါ်နေပြီဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က ကြေညာချက် ထုတ်ပြန်ပါတယ်။ အိုင်အက်စ် စစ်သွေးကြွတွေကိုအောင်နိုင်တယ်လို့ ပြောပေမယ့် ဆီးရီးယားက ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လုပ်ငန်းပြီးဆုံးပြီလို့ ဆိုလိုတာ မဟုတ်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေအနေနဲ့ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အမေရိကန်ရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့ လိုအပ်လာမယ် ဆိုရင် ဘယ်အဆင့်မှာမဆို ပြန်ပြီး တိုက်ထုတ်မှာ ဖြစ်သလို အစွန်းရောက် အစ္စလန်အကြမ်းဖက်သမားတွေအတွက် အခြေချနေထိုင်ခွင့်၊ ငွေကြေးအထောက်အပံ့ ရအောင်လုပ်ဆောင်ခွင့်နဲ့ နယ်စပ်ဒေသတွေကို ဝင်ရောက်ထွင်းဖေါက်ခွင့်တွေ မပေးဖို့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာတော့ အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ်ပြောခွင့်ရ Dana White ကလည်း မဟာမိတ်တပ်ဖွဲ့တွေက အိုင်အက်စ် အစွန်းရောက်အဖွဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်လည် လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့ပေမယ့် အိုင်အက်စ် အဖွဲ့ကို ချေမှုန်းရေးဟာ အဆုံးမသတ်သေးကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG