သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇီးပင်ကြီးစစ်တမ်းရေးသူကို အရေးယူမည်မဟုတ်


 ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (Facebook-Soe Minn Htet)
ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (Facebook-Soe Minn Htet)

အထက်မြန်မာပြည်က ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းတက်ရင်း တွေ့ကြုံခဲ့ရတာတွေအပေါ် “ဇီးပင်ကြီး စစ်တမ်း” ဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာ ဝေဖန်ရေးသားခဲ့တဲ့ ဒေါက်တာစိုးသူရဇော်ကို အရေးယူမှာ မဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီးက ပြော လိုက်ပါတယ်။ ဒေါက်တာစိုးသူရဇော်ကို ဌာနတွင်း ခေါ်ယူစစ်ဆေးခဲ့သူတွေကို စိစစ်နေပြီး လိုအပ်သလို ဆက်လုပ်သွားမယ် လို့လည်း ဝန်ကြီးကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဇီးပင်ကြီး သင်တန်းအတွေ့အကြုံနဲ့ပတ်သက်လို့ ဇီးပင်ကြီးစစ်တမ်းဆိုတဲ့ခေါင်းစဉ်နဲ့ အပိုင်း ၄ ပိုင်းခွဲပြီး ဖေ့စ်ဘွတ်ခ်မှာ မကြာသေးခင်က ရေးသားတင်ပြခဲ့တဲ့ ဒေါက်တာစိုးသူရဇော်ကို စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့ပြီးတော့ စစ်ဆေးမယ်ဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက် တကယ်ကတော့ သူ့ကို အရေးယူဖို့မရှိကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီဇင်ဘာ ၂၄ ရက်မှာ သတင်းမီဒီယာတွေကို ပြောတာပါ။

“ကျေျနာ်တို့ ဘာမှမလုပ်ဘူး။ ဘာမှ လုပ်စရာအကြောင်း မရှိပါဘူး။ ဘာမှ မလုပ်ပါဘူး။ အခုလောလောဆယ်ဘာမှ လုပ်ဖို့လည်း အစီအစဉ်မရှိပါဘူး။ အလုပ်ပဲ ကြိုးစားဖို့ ဆက်လုပ်ဖို့ ကျနော်တို့ ပြောထားပါတယ်။ သူလည်း ကြိုးစားပြီးလုပ်နေပါတယ်။ ဒီကလေးမျိုးက တချိန်ချိန်မှာ အများကြီး လူကြီးဖြစ်နိုင်တယ်။ နောင်တချိန်မှာ ဝန်ကြီး၊ ဒုဝန်ကြီး၊ ညွန်ချုပ်၊ ပြည်သူ့ကျန်းမာရေး စပါယ်ရှယ်လစ်လည်းဖြစ်မယ်၊ သွားကျန်းမာရေး စပါယ်ရှယ်လစ်လည်းဖြစ်မယ်၊ ပါမောက္ခလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ ဝန်ထမ်းဖြစ်တဲ့အတွက် သေချာတော့ ကိုယ့်ဝန်ထမ်းကို ကြည့်ရမှာပေါ့။ သူတင်မကပါဘူး ပြင်ပက ဆရာဝန်တွေကိုလည်း ကြည့်ရမှာပါ။ ဆရာဝန် လောက၊ သူနာပြု လောက၊ သွားဆရာဝန်လောက အကုန်လုံးကို ကြည့်ရမှာပါ။ ကျနော်တို့ တာဝန်ပါ”

သွားဆရာဝန် ဒေါက်တာစိုးသူရဇော်ကို ဌာနတွင်း စစ်ဆေးမယ့်စာကို ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနဲ့ အမြဲတမ်းအတွင်းဝန်တို့ ကိုယ်တိုင် ကြိုမသိဘဲ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံလာမှသာ သိခဲ့ရတာလို့လည်း ဆိုပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေကို ဒီနေ့မနက်ပဲ ခေါ်မေးပါတယ်။ ဘယ်လို ဖြစ်သွားလည်းပေါ့။ ထပ်ပြီးတော့ အခုတယောက်ချင်းလည်း မေးနေပါတယ်။ အဲပေါ်မှာ ကြည့်ပြီးတော့ ဝန်ထမ်းစည်းမျဉ်းအရ၊ လုပ်ထုံးလုပ်နည်းအရတော့ လုပ်မှာပေါ့လေ။ ဒါပေမယ့် ကျနော်ရဲ့ ပင်ကိုယ်စိတ်ထားအရ အရမ်းကြီးတော့လည်း မလုပ်ဘူး၊ ဒါပေမယ့် လုပ်သင့်တာတော့ လုပ်မှာပါ ” လို့ ဆိုပါတယ်။

ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ အစိုးရသစ်လက်ထက် ဗဟိုဝန်ထမ်းတက္ကသိုလ်ရဲ့ ပြုပြင်ပြောင်းလဲမှုများနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတခုကို လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လုပ်ဖို့ရှိတယ်လို့လည်း ဗဟိုဝန်ထမ်းတက္ကသိုလ် တာဝန်ရှိသူက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG