သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် နှစ်ဦး ပြစ်ဒဏ် ပယ်ဖျက်ပေးနိုင်ဖို့ Reuters အကြီးအကဲ မျှော်လင့်


နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတိုနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမှုကို စစ်ဆေးတဲ့နေရာမှာ တရားရုံးကြားနာမှုတွေမှာ ကြီးမားတဲ့မှားယွင်းမှုတွေ ရှိနေတာကို တွေ့နေရတဲ့အတွက် သူတို့ကို ပေးထားတဲ့အပြစ်ဒဏ်တွေကို ပြန်လည် ရုပ်သိမ်းပေးဖို့ ရိုက်တားစ်သတင်းဌာနအယ်ဒီတာချုပ် Stephen J Adler က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဒီသတင်းထောက် ၂ ဦးဟာ မြန်မာနိုင်ငံအတွက် ဘယ်လိုအန္တရာယ်မှ မပေးခဲ့ပဲ သူတို့အလုပ်တာဝန်ကို ထူးချွန်စွာ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်းနဲ့ သူတို့ ၂ ဦးလို သတင်းထောက်တွေက မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်း သတင်း တင်ပြခွင့် မရရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီသိပ်မရှိပဲ လွတ်လပ်ခွင့် နဲပါးတဲ့ နိုင်ငံဖြစ်သွားမယ်လို့လည်း ထောက်ပြထားပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၂၄ ရက်၊ တနင်္လာနေ့မှာပဲ ရန်ကုန်တိုင်း တရားရုံးမှာ သူတို့ရဲ့ အယူခံတင်သွင်းမှုကို ကြားနာခဲ့တာဖြစ်ပြီး သူတို့ ၂ ဦးကို ထောင်ဒဏ် ခုနစ်နှစ်စီချမှတ်ခဲ့တဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေ ဘယ်လိုလွဲမှား နေတယ်ဆိုတာကို ဒီကြားနာပွဲမှာ သူတို့ရှေ့နေတွေက အထက် အယူခံတရားရုံးကို လျှောက်လဲချက်ပေးခဲ့ပါတယ်။

တနင်္လာနေ့ အယူခံကြားနာပွဲမှာ နှစ်ဘက် ဥပဒေအကျိုးဆောင်တွေ အသီးသီး လျှောက်လဲချက်ပေးကြတာ ဖြစ်ပြီး သူတို့ရဲ့ ရှေ့နေတွေကတော့ သူတို့ ၂ ဦးဟာ လျှို့ဝှက်လို့ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေကို သူတို့ကိုယ်တိုင် သူတို့လက်ထဲ ရယူသိမ်းဆည်း ထားတာမဟုတ်ဘဲ ရဲတပ်ဖွဲ့က သူတို့လက်ထဲကို စာရွက်စာတမ်းတွေ ထည့်ပေးပြီး ထောင်ခြောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်သလို သူတို့ဟာ သတင်းထောက်တွေအနေနဲ့ သူတို့အလုပ်ကို သူတို့လုပ်ပြီး နိုင်ငံတော်လုံခြုံရေး ထိခိုက် အောင်လုပ်တာ မဟုတ်တဲ့အတွက် သူတို့အပေါ် စွဲတင်ထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ် ၃ (၁) (ဂ) ကို ချိုးဖောက်မှုမရှိကြောင်း လျှောက်လဲခဲ့ကြပါတယ်။

အယူခံကြားနာပွဲပြီးတဲ့နောက် ဆုံးဖြတ်ချက်ဘယ်တော့ ချမယ်ဆိုတာကို လောလောဆယ် မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG