သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကြောင့် သေဆုံးသူ အနည်းဆုံး ၁၇ ဦးရှိ


ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လက်ရှိဝန်ကြီးချုပ် Sheikh Hasina တတိယအကြိမ် သက်တမ်းအတွက် ပြန်လည်အရွေးခံရဖို့ များနေချိန်မှာပဲ တနင်္ဂနွေနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးရသူ အရေအတွက်က အနည်းဆုံး ၁၇ ဦး ရှိနေပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲကနဦး ရလဒ်တွေအရ Awami League ပါတီက လက်ရှိဝန်ကြီးချုပ် Hasina က အပြတ်အသတ် အနိုင်ရနေတာပါ။ ဒါပေမယ့် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ ခြိမ်းခြောက်မဲဆွယ်မှုတွေ ရှိနေတယ်လို့ အတိုက်အခံတွေက ဝေဖန်နေကြပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲဟာ ပုံမှန်မဟုတ်တဲ့အတွက် ရလဒ်တွေကို လက်မခံဖို့ အတိုက်အခံခေါင်းဆောင် Kamal Hossain က တောင်းဆိုနေတာပါ။

ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ စစ်တပ်နဲ့ တခြားလုံခြုံရေးတပ်သား ၆ သိန်းချထားတာ အပါအဝင် နိုင်ငံတလွှား လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ထားရှိတဲ့ကြားကနေ အတိုက်အခံနဲ့ လက်ရှိအာဏာရ ပါတီကို ထောက်ခံသူတို့ကြား အကြမ်းဖက်မှုတွေ ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။

အာဏာရပါတီကို ထောက်ခံသူနဲ့ အတိုက်အခံပါတီကို ထောက်ခံကြသူတွေကြား ဖြစ်ပွါးတဲ့ အဓိကရုန်းကနေ ၁၃ ဦး သေဆုံးခဲ့ရသလို ရဲပစ်ခတ်မှုကြောင့် သေဆုံးရသူက ၃ ဦး ရှိတယ်လို့ ရဲကပြောပါတယ်။ လက်နက်ကိုင်ဆောင်ထားတဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူ တဦးကြောင့် ရဲတဦးလည်း သေဆုံးခဲ့ရတယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

လက်ရှိဝန်ကြီးချုပ် Hasina ရဲ့ အဓိကပြိုင်ဘက် ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Khaleda Zia ကတော့ အဂတိလိုက်စားမှုနဲ့ အကျဉ်းကျခံနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG