သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NY Time Square လုံခြုံရေးတင်းကြပ်


အမေရိကန်ပြည်ထောင်စု New York မြို့က အထင်ကရ Times Square နေရာမှာ ဒီကနေ့ညနေကျင်းပမယ့် နှစ်သစ်ကူးပွဲအတွက် လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။ ဒီနှစ်မှာ အဝေးထိန်း Drone ယာဉ်တွေကို ပထမဆုံးသုံးပြီး ကောင်းကင်ကနေ စောင့်ကြည့်နေမယ်လို့ ထောက်လှမ်းရေးနဲ့ အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ဒုတိယကော်မရှင်နာမင်းကြီးက ပြောပါတယ်။ နှစ်သစ်ကူးချိန်မှာ အမြင့်ကနေ တဖြည်းဖြည်းကျလာမယ့် ဧရာမ Crystal ဘောလုံးကြီးကို Times Square မှာလာကြည့်ပြီး နှစ်သစ်ကြိုဆိုမယ့်သူ ၂ သန်းလောက်ရှိမယ်လို့ N. Y မြို့တော်ဝန် Bill de Blasio ကပြောပါတယ်။

သတင်းထောက်တွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဧရာမ Crystal ဘောလုံးကြီးကို နှိမ့်ချလိုက်တဲ့ခလုပ်ကို New York Times, Washington Post, CNN သတင်းဌာနတွေအပြင် အမေရိကန်မှာနာမည်ကြီး သတင်းထောက်တွေနဲ့ အယ်ဒီတာတွေက နှိပ်မှာဖြစ်ပါတယ်။ LED မီးသီးပေါင်း 3 သောင်း 2 ထောင်တပ်ဆင်ထားတဲ့ 6 တန်လောက် အလေးချိန်ရှိတဲ့ ဧရာမ Crystal ဘောလုံးကြီးကို မီးထွန်းမယ့်ခလုပ်ကိုတော့ အမေရိကန်တရုတ်ချစ်ကြည်ရေးအသင်းက နှိပ်ပြီး မီးထွန်းပေးမှာဖြစ်ပါတယ်။

နှစ်သစ်ကူးပွဲကျင်းပမယ့် N. Y မြို့လမ်းတွေတဝိုက် လုံခြုံရေး အစီအစဉ်တွေ တင်းတင်းကြပ်ကြပ်ချထားပြီး နှစ်သစ်ကူးပွဲတော်ကျင်းပမယ့် နေရာတဝိုက်ကားတွေ မဝင်နိုင်အောင် ရဲကား ၂၀၀ နီးပါးက လမ်းဆုံတွေမှာ ပိတ်ဆို့ထားမှာ ဖြစ်ပါတယ်။ လောလောဆယ် ခြိမ်းခြောက်မှု အန္တရာယ် တစုံတရာမရှိပေမဲ့ လုံခြုံရေးအတွက် သတိအနေအထားနဲ့ရှိနေမှာဖြစ်တယ်လို့ N. Y မြို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ကမ္ဘာကြီးမှာ အားလုံးသဟဇာတဖြစ်ရေးကို မျှော်လင့်ပြီး ဒီနှစ်နှစ်သစ်ကူးပွဲတော်ကို "Gift of Harmony" လို့ နာမည်ပေးထားပါတယ်။

XS
SM
MD
LG