သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးရောက် နှစ်သစ်ကူး မြန်မာအပါအဝင် သတင်းလွတ်လပ်ခွင့်ဖိနှိပ်ခံ နိုင်ငံတွေအရေး အလေးပေး


ဖမ်းဆီးခံထားရတဲ့ မြန်မာရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဓါတ်ပုံကို နယူးရောက် မြို့လည်ကောင် Times Square မှာ ချိတ်ဆွဲဂုဏ်ပြုထားပုံ
ဖမ်းဆီးခံထားရတဲ့ မြန်မာရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဓါတ်ပုံကို နယူးရောက် မြို့လည်ကောင် Times Square မှာ ချိတ်ဆွဲဂုဏ်ပြုထားပုံ

နှစ်စဉ်ကျင်းပနေတဲ့ နယူးရောက်မြို့က နာမည်ကျော် Times Square က နှစ်သစ်ကြိုဆိုပွဲမှာ ၂၀၁၈ခုနှစ် အကုန်အတွက် ထူးခြားချက်ကတော့ ကမ္ဘာတဝှမ်းက သတင်းသမားတွေနဲ့ သတင်းလွတ်လပ်ခွင့်ကို ရည်ရွယ် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်တဲ့ နိုင်ငံတွေနဲ့ ပတ်သက်ရင် Times Square ပွဲတော်ကပေးတဲ့ အမှာစကားကတော့ သတင်းလွတ်လပ်ခွင့်ကို ယုံကြည်သူတွေအနေနဲ့ အရှုံးမပေးပဲ နှစ်ဆ ပိုကြိုးစားသွားမယ် ဆိုတာပဲဖြစ်တယ်လို့ CPJ အဖွဲ့က ပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

ကမ္ဘာတဝှမ်း ပရိသတ်ပေါင်း ဘီလီယံနဲ့ချီပြီး ရုပ်သံကနေဆင့် ကြည့်ရှုနေတဲ့ နယူးရောက်မြို့လည်ကောင် Times Square က ၂၀၁၈ခုနှစ်ကုန်လို့ ၂၀၁၉ခုနှစ်ကူးပြောင်းမယ့် ဒီဇင်ဘာလ (၃၁) ရက် ည သန်းခေါင်းယံအချိန် ကြိုဆိုဆင်နွှဲတဲ့ နှစ်သစ်ကူးပွဲမှာ သတင်းသမားတွေနဲ့ သတင်းလွတ်လပ်ခွင့်ကို အားပေးချီးမြှင့်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက နာမည်ကြီး သတင်းဌာနပေါင်းစုံ ဝါရင့်သတင်းသမားတွေကို အထူးဧည့်သည်တော်တွေ အဖြစ် ဖိတ်ခေါ်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပွဲ အစီအစဉ်မှူးအဖြစ်တင်ဆက်တဲ့ အမျိုးသမီးက အခုလို ကြေညာသွားပါတယ်။

"နှစ်စဉ် Times Square မှာကျင်းပတဲ့ နှစ်သစ်ကူးအကြိုပွဲမှာ ကျမတို့အားလုံးကို လေးစားအတုယူ အားကြအောင် ဖြစ်ပေါ်စေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ စိတ်ဓါတ်အားမန်ကိုချီးမြှင့်တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သတင်းလောကနဲ့ သတင်းလွတ်လပ်ခွင့်ကို ကျမတို့ ချီးမြှင့်ကြမှာဖြစ်ပါတယ်။ မကြာခင်မိနစ်ပိုင်းအတွင်း နှစ်သစ်ကူးမယ့် ညသန်းခေါင်ယံအချိန်ရောက်ဖို့ စက္ကန့် (၆၀)အလိုကို ရေတွက်ဖို့ ဒီမှာရှိတဲ့ အကောင်းဆုံးသတင်းသမားတွေ စင်မြင့်ပေါ်ကိုတက်လာကြတော့မှာပါ။"

karen amanda toulon, Rebecca Blumenstein, Jon Scott and 6 others
karen amanda toulon, Rebecca Blumenstein, Jon Scott and 6 others

အထူးဧည့်သည်တော်တွေအဖြစ် တက်ရောက်ခဲ့တဲ့သတင်းသမားတွေထဲမှာ တူရကီနိုင်ငံ ဆော်ဒီ ကောင်စစ်ဝန်ရုံးမှာ အသတ်ခံခဲ့ရတဲ့ ဝါရှင်တန်ပို့စ် ဆောင်းပါးရှင် Jamal Khashoggi ကိုယ်စားပြုပြီး ဝါရှင်တန်ပို့စ် အယ်ဒီတာ Karen Attiah အပါအဝင် နယူးရောက်တိုင်းမ်စာသတင်းစာ လက်ထောက် အယ်ဒီတာ Rebecca Blumenstein၊ CNN၊ TIME မဂ္ဂဇင်း၊ NBC၊ the Wall Street Journal တို့အပြင် နယူးရောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ Joel Simon လည်းပါဝင်ပါတယ်။

နယူးရောက် မြို့လည်ကောင် Times Square မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဓါတ်ပုံနဲ့ ဂုဏ်ပြုနေကြတဲ့ ရိုက်တာသတင်းဌာနဝန်ထမ်းများ
နယူးရောက် မြို့လည်ကောင် Times Square မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဓါတ်ပုံနဲ့ ဂုဏ်ပြုနေကြတဲ့ ရိုက်တာသတင်းဌာနဝန်ထမ်းများ

၁၉၀၇ ခုနှစ်ကတည်းက စတင်ပြီး နှစ်ပေါင်း ၁၀၀ ကျော် အစဉ်အလာမပြတ် နှစ်စဉ်ကျင်းပလာတာဖြစ်ပြီး လူပေါင်း တသန်းနီးပါးလာရောက် စုဝေးတဲ့ Times Square က နှစ်သစ်ကူးကြိုဆိုတဲ့ပွဲမှာ သတင်းလောကနဲ့ ပတ်သက်လို့ ချီးမြှင့်ဂုဏ်ပြုတာဟာ တကယ့်ကို ထင်ရှားပြီး အလွန်အရေးပါတဲ့ လုပ်ရပ်ဖြစ်တယ်လို့ CPJ အာရှရေးရာ ညွန်ကြားရေးမှူး Steve Butler ကဗွီအိုအေကို ပြောပါတယ်။

"Times Square နှစ်သစ်ကူးပွဲတော် ကို အဲဒီ ဧရိယာပတ်ဝန်းကျင်မှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေက ဦးစီးကျင်းပတာပါ။ ဒီစီးပွားရေးသမားအနေနဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံတန်ဖိုးဖြစ်တယ်ဆိုတာ သူတို့ အသိအမှတ်ပြုကြောင်း ပြသလိုက်တာပါ။ ဒါအပြင် အမေရိကန်ပြည်ထောင်စုမှာရော၊ အခြားကမ္ဘာ တဝှမ်းက နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့်ဟာ ခြိမ်းခြောက်ခံနေရတယ်ဆိုတာကို သူတို့က အသိမှတ်ပြုခဲ့တာပါ။ ဒါကြောင့် သတင်းသမားတွေနဲ့ သတင်းလွတ်လွပ်ခွင့်ကို ထောက်ခံကြောင်း ပြသတဲ့ အလွန်အရေးကြီးတဲ့ အထိမ်းအမှတ်လုပ်ရပ်ဖြစ်ပါတယ်။"

CPJ ရဲ့ ၂၀၁၈ခုနှစ် အစီရင်ခံစာမှာလည်း ကမ္ဘာတလွှားမှာ သတင်းထောက်လုပ်နေရင်း အသတ်ခံရတဲ့ သတင်းသမားပေါင်း ၅၃ ဦးရှိခဲ့ပြီး၊ မြန်မာနိုင်ငံမှာ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး အပါအဝင် ဖမ်းဆီးခံထားရတဲ့ သတင်းသမားပေါင်း ၂၅၁ ဦးရှိကြောင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအပါအဝင် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်တဲ့ နိုင်ငံတွေနဲ့ ပတ်သက်ရင် Times Square ပွဲတော်ကပေးတဲ့ အမှာစကားနဲ့ပတ်သက်လို့ Steve Butler ကအခုလို ပြောပါတယ်။

"ဒီသတင်းထောက်နှစ်ယောက် ကို အစိုးရလျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုစွဲချက်နဲ့ ရုံးတင်စစ်ဆေး ထောင်ဒဏ်အပြစ်ပေးခဲ့တဲ့ ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်ကို ချိုးဖောက်တဲ့ နိုင်ငံတနိုင်ငံဖြစ်နေပါပြီ။ Times Square က နှစ်သစ်ကူးပွဲတော်က ပေးတဲ့ အမှာစကားကလည်းသတင်းလွတ်လပ်ခွင့်ကို ယုံကြည်သူတွေအနေနဲ့ ဒီလိုဖိနှိပ်မှုတွေကို အရှုံးမပေးပဲ နှစ်ဆထက်ပိုကြိုးစားသွားမယ်ဆိုတာပါ။"

Times Square က ၂၀၁၈ခုနှစ်အကုန် ၂၀၁၉ခုနှစ်သစ်ကူးကြိုဆိုပွဲမှာ လုံခြုံရေးနဲ့ ဖျော်ဖြေရေးအသုံးစရိတ် ခန့်မှန်းချေ အမေရိကန်ဒေါ်လာ တသန်းကျော်ကုန်ကျ ပြီး ကမ္ဘာလှည့်ခရီးသည် တသန်းလောက် ပါဝင်ဆင်နွဲှခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG