ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်က DusitD2 ဟော်တယ်နဲ့ ဆိုင်ခန်းတွေရှိရာစင်တာ မှာ အင်္ဂါနေ့က အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးတဲ့နောက် အခုအခါမှာ အခြေနေကို ထိန်းချုပ်နိုင်ပြီးဖြစ်ပြီး ကင်ညာနိုင်ငံမှာ လုံခြုံမှုရှိပြီဖြစ်ကြောင်း ကင်ညာပြည်ထဲရေးဝန်ကြီး Fred Matiang ကပြောပါတယ်။
အခုအချိန်ထိ သေဆုံးသူက အနဲဆုံး ၅ ဦး ရှိနေပေမယ့် ဟော်တယ်နဲ့ ရုံးခန်းတွေရှိရာ ဝင်းထဲကို ရဲတွေနဲ့ စစ်သားတွေ သွားရောက် စစ်ဆေးနေဆဲ ဖြစ်ပြီး သေဆုံးသူ အရေအတွက်ကတော့ အခုထက်ပိုလာနိုင်ပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကို ဟော်တယ် စားသောက်ဆိုင်ထဲက စားပွဲတွေပေါ်မှာ တွေ့နေရသလို ဟော်တယ်ဝင်းထဲက ရုံးခန်းတွေ မှာလည်း တွေ့နေရတယ်လို့ ရဲတယောက်က ပြောပါတယ်။
ဒဏ်ရာရသူ ဘယ်လောက်ရှိနေတယ် ဆိုတာကို ခုထိသေသေချာချာ မသိရသေးပေမယ့် အများအပြား ဒဏ်ရာရတယ်လို့ မျက်မြင်တွေ့သူတဦးက VOA ကို ပြောပါတယ်။
ဘဏ်တခုရဲ့ အပြင်မှာ ဖေါက်ခွဲမှုတခုနဲ့ ဟော်တယ် ဧည့်ကြိုခန်းမှာ အသေခံ ဗုံးတလုံး ဖေါက်ခွဲပြီး အင်္ဂါနေ့ နေ့လည်မှာ စတင် တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာဖြစ်ကြောင်း ဆိုမာလီယာ အခြေစိုက် al-Shabab စစ်သွေးကြွ အဖွဲ့က ကြေညာခဲ့ပါတယ်။
သေနတ်သမားတွေဟာ ကဖေးဆိုင်ထဲလျှောက်သွားပြီး စားပွဲမှာထိုင်နေသူတွေကို တွေ့တဲ့နေရာတွေမှာပဲ ပစ်သတ်ခဲ့တယ်လို့ အသက်မသေ ကျန်ရစ်သူတွေက ပြောပါတယ်။ ဟော်တယ်တွေ ဈေးဆိုင်တွေမှာ သွေးတွေ၊ မှန်ကွဲစတွေနဲ့ ပြည့်နေပြီး မီးရှို့ထားတဲ့ ကားတွေနဲ့ မီးခိုးလုံးတွေ ကိုတွေ့နေရတာပါ။ DusitD2 ဟော်တယ်နဲ့ ဈေးဆိုင်တွေဟာ ဥရောပ၊ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေက ခရီးသွားတွေ အလာများတဲ့ နေရာတနေရာဖြစ်ပါတယ်။ တိုက်ခိုက်သူတွေက ဘယ်သူ့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ အခုချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။