ကိုလံဘီယာနိုင်ငံမှာ ကြာသပတေးနေ့က ရဲသင်တန်းကျောင်းတခုမှာ ပစ်ကပ်ထရပ်ကားနဲ့ အသေခံကားဗုံးဖေါက်ခွဲမှုတခု ဖြစ်ပွါးခဲ့တဲ့အတွက် အနဲဆုံး ၁၀ ဦးသေဆုံးပြီး ၅၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ ဆွေးနွေးပွဲတက်ရောက်ဖို့ သွားနေတဲ့ သမ္မတ Ivan Duque ကတော့ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ပြီး ဘိုဂိုတာနားက ပေါက်ကွဲမှုဖြစ်ပွါးရာနေရာကို အမြန် သွားရောက်ခဲ့ပါတယ်။
အခုလို တိုက်ခိုက်မှုဟာ ငယ်ရွယ်ရဲ့ လုံခြုံရေးတပ်သားတွေ ဒါမှမဟုတ် ရဲတွေကို တိုက်ခိုက်တာတင် မကပဲ ကိုလံဘီယာ လူမှုအသိုင်းအဝိုင်း ကိုပါ တိုက်ခိုက်တာ ဖြစ်ကြောင်း သမ္မတ ကပြောကြားခဲ့ပြီး အခုလို ဆိုးဝါးတဲ့ အကြမ်းဖက်လုပ်ရပ် အတွက် အရေးယူမှာ ဖြစ်ကြောင်း ပြောပါတယ်။
လက်တင်အမေရိက ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kimberley Breier ကလည်း အခု တိုက်ခိုက်မှုကို ရှုံ့ချလိုက်ပြီး သေဆုံးဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေအတွက် အမေရိကန်ပြည်ထောင်စုက ဝမ်းနဲကြေကွဲရပါကြောင်း ပြောကြားခဲ့ပါတယ်။
လက်နက်အပြည့်အစုံပါတဲ့ရဲတွေ၊ အနံ့ခံခွေးတွေနဲ့ လုံခြုံရေးစောင့်ကြည့် ကင်မရာတွေ တပ်ဆင်ထားတဲ့ ရဲသင်တန်းကျောင်း တောင်ဘက် ဂိတ်ကနေ ဗုံးပါတဲ့ ပစ်ကပ် ထရပ်ကားက ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။
ကားသမား ဘယ်သူဘယ်ဝါဆိုတာကို ကိုလံဘီယာအစိုးရှေ့နေတွေ ခုထိ မဖေါ်ထုတ်နိုင်သေးသလို ဘယ်အဖွဲ့အစည်းက တိုက်ခိုက်တယ် ဆိုတာကိုလည်း ခုထိ မကြေညာသေးပါဘူး။ ဒါပေမယ့် အဲဒီဒေသမှာ ELN သူပုန်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ တိုးလာနေတာပါ။