ဇန်နဝါရီလ ၂၇ ရက် တနင်္ဂနွေနေ့ မနက် ၁၁ ခွဲလောက်မှာ အသက် ၁၉ နှစ် အရွယ် သူငယ်ချင်း ၂ ဦးဖြစ်တဲ့ မစုမြတ်ဝေနဲ့ မမျိုးနန္ဒာကျော် တို့ ၂ ဦးဟာ ကော့ကရိတ်မြို့နယ် ကော့ကရိတ်- မြဝတီ အာရှအဝေးပြေးလမ်းမ အနီးရှိ တော်နော ရေတံခွန်ထိပ်မှာ ဓါတ်ပုံရိုက်ကြရင်း ရေတံခွန်အောက် ပေ ၂၀၀ ပြုတ်ကျခဲ့ကြတာပါ။
မစုမြတ်ဝေဟာ ရေတံခွန်ထိပ်ပိုင်းမှာ ဓါတ်ပုံရိုက်ရင်း မတော်တဆ ခြေချော်ကျသွားခဲ့ရာမှ သူ့သူငယ်ချင်း ဖြစ်သူက သူ့ကို ဖမ်းဖို့ ကြိုးစားရင်း သူပါချောက်ထဲ ပြုတ်ကျခဲ့တာ ဖြစ်တယ်လို့ ယူဆရကြောင်း မြန်မာအစိုးရ သတင်းစာ Global New Light of Myanmar မှာ ဖေါ်ပြထားပါတယ်။
မစုမြတ်ဝေဟာ ရေတံခွန်အောက် ပြုတ်ကျစဉ် ကျောက်တုံးတွေနဲ့ ဦးခေါင်းရိုက်မိပြီး ရခဲ့တဲ့ ဒဏ်နဲ့ သေဆုံးသွားတာ ဖြစ်ပါတယ်။ သူ့အလောင်းကို ကော့ကရိတ်ဗဟိုဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။ ပါးရိုးကျိုးသွားပြီး ဦးခေါင်းမှာဒဏ်ရာတွေရခဲ့တဲ့ မမျိုးနန္ဒာကျော် ကိုတော့ မြဝတီဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံမှာပဲ သေဆုံးသွားခဲ့ပါတယ်။
မစုမြတ်ဝေဟာ မြဝတီရှိ Paye ကျေးရွာက ဖြစ်ပြီး မမျိုးနန္ဒာကျော်ကတော့ ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်ရှိ ရွာမ ကျေးရွာက ဖြစ်ပါတယ်။ သူတို့ သူငယ်ချင်း ၂ ဦးတို့ဟာ အခင်းဖြစ်ပွါးစဉ်က အခြား သူငယ်ချင်း ၈ ဦးနဲ့အတူ ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။ အမှုကို ရဲက စုံစမ်းစစ်ဆေးနေကြောင်း ရဲကပြောပါတယ်။