သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်စွမ်းအင်ကုမ္ပဏီ အထက်ရဲရွာ ရေကာတာစီမံကိန်းမှ ရုပ်သိမ်း


ENGIE ပြင်သစ်စွမ်းအင်ကုမ္ပဏီ
ENGIE ပြင်သစ်စွမ်းအင်ကုမ္ပဏီ

ရှမ်းပြည်နယ်က အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှာ ပါဝင်လုပ်ဆောင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေထဲက ပြင်သစ်အခြေစိုက် ENGIE စွမ်းအင်ကုမ္ပဏီ နုတ်ထွက်တော့မယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။ ဒီလို ကုမ္ပဏီတခု နုတ်ထွက်သွားပေမယ့်လည်း လူထု လျှပ်စစ်မီးလုံလောက်ရေးအတွက် အကောင်အထည်ဖော်နေတဲ့ စီမံကိန်းဖြစ်တာကြေ ာင့် ဆက်လုပ်သွားမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အဆင့်မြင့်တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှာ ပါဝင်လုပ်ဆောင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေထဲက Engie ကုမ္ပဏီလက်အောက်ခံ ကုမ္ပဏီခွဲတခုဖြစ်တဲ့ Lahmeyer International ကုမ္ပဏီရဲ့ ပါဝင်မှုကို ရပ်ဆိုင်းလိုက်ပြီလို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် နေ့စွဲနဲ့ ကုမ္ပဏီက အကြောင်းကြားလာတဲ့အကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Burma Campaign UK ရဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားတာပါ။

ENGIE ကုမ္ပဏီက ကျင့်ဝတ်သိက္ခာပိုင်း လိုက်နာမှုဆိုင်ရာ ဒါရိုက်တာ Xavier Hubert က Burma Campaign UK ကိုပေးပို့တဲ့ အကြောင်းကြားစာထဲမှာ “ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကျနော်တို့ အကြောင်းကြားထားတာအရ ကျနော်တို့ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Lahmeyer International ကို ENGIE ကုမ္ပဏီက မဝယ်ယူခင် အချိန်အတော်ကြာကတည်းကိုက Lahmeyer နဲ့ Stuck SA ကုမ္ပဏီတို့ ပူးပေါင်း ဖွဲ့စည်းထားတာတခု ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အစကတည်းက Stucky နဲ့ ကန်ထရိုက်ချုပ်ဆို ထားတာကို ရပ်ဆိုင်းလိုက်ပြီးဖြစ်ပါတယ်။ ဒါကြောင့် Lahmeyer International သော်လည်းကောင်း၊ ENGIE ကုမ္ပဏီအုပ်စုရဲ့ ကုမ္ပဏီခွဲတခုခုသော်လည်းကောင်း ဒီစီမံကိန်းမှာ ဆက်ပြီးပါဝင်ပတ်သက်မှု မရှိတော့ပါဘူး” လို့ ဖော်ပြထားပါတယ်။ ဒီလို အကြောင်းကြားတဲ့ထဲမှာ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို နာမည်နဲ့တကွ ထည့်သွင်းဖော်ပြထားတာတော့ မရှိပါဘူး။

Stuck SA ဆိုတာကတော့ စီမံကိန်းမှာပါဝင်လုပ်ဆောင်နေတဲ့ကုမ္ပဏီတွေထဲက ဆွစ်ဇာလန်အခြေစိုက် အင်ဂျင်နီယာကုမ္ပဏီတခု ပါ။

စီမံကိန်းက ၃၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး အခုလို Engie ကုမ္ပဏီဘက်က ပါဝင်မှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပေမဲ့လည်း ဆက်ပြီး လုပ်ဆောင်သွားမယ့် သဘောထားမျိုး လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“လက်ရှိ ကျနော်တို့ကတော့ ကျနော်တို့တိုးတက်သွားမယ့် demand ကိုအခြေခံပြီးတော့ ကျနော်တို့ကတော့ လက်ရှိ လျှပ်စစ် ဓာတ်အား ပြည်သူသုံးစွဲမှုရှိအောင် ကျနော်တို့အစီအမံဆွဲထားတယ်လေ။ အဲဒီထဲမှာ ကျနော်တို့ အထက်ရဲရွာ ပါပြီးသားဗျ။ သူတို့ တကယ်လို့ နုတ်ထွက်တယ်ဆိုလည်း သူတို့နဲ့ ကျနော်တို့ တိုက်ရိုက်ပြောတာမဟုတ်ဘူး၊ ကျနော်တို့က မြန်မာကုမ္ပဏီတွေနဲ့ပဲ ပြောထားတာလေ။ ကျနော်တို့နဲ့လုပ်နေတာ မြန်မာကုမ္ပဏီပဲရှိတယ်။ သူတို့နောက်က ဘယ်သူတွေ ဘယ်လို ရပ်တည်ထားတယ် ဆိုတာ ကျနော်တို့မသိဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အဲဒီမှာ ၃၄% လောက်ပြီးနေပြီးသားလေ။ လက်ရှိလိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်အောင် စီစဉ်နေတုန်းလေ။ ပိုလာရင်တော့ ရောင်းမှာပေါ့ နောက်ပိုင်းသွားနေတဲ့အစီအမံတွေက အဲဒီလိုမျိုး။”

ပြင်သစ်စွမ်းအင်ကုမ္ပဏီ နုတ်ထွက်လိုက်ပြီဆိုတာနဲ့ ပတ်သက်လို့ အချက်အလက်တွေ တောင်းခံထားပြီး စောင့်ကြည့်နေတယ်လို့

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက ဗွီအိုအေကိုပြောပါတယ်။

“အဲဒီကုမ္ပဏီက နုတ်ထွက်မယ်လို့တော့ အကြောင်းကြားလာတယ် အခုလောလောဆယ်တော့ သတင်းအချက်အလက်တွေ ပြန်တောင်းထားတယ်၊ သူတို့ထုတ်ပြန်တဲ့အချက်အလက်တွေပေါ့နော်။ လက်ရှိတော့ စောင့်ကြည့်နေတုန်းပေါ့နော် အခြေအနေကို အခုတော့ ကုမ္ပဏီတစ်ခုက ရုပ်သိမ်းသွားပြီ ဆိုတော့ တခြားကုမ္ပဏီတွေရော ရုပ်သိမ်းနိုင်မလားပေါ့ တကယ်လို့ တခြားနိုင်ငံက ကုမ္ပဏီတွေရော ရုပ်သိမ်းမယ်ဆိုရင် ဖြစ်နိုင်ခြေ များတယ်ပေါ့နော်။ ရပ်တန့်မှုဖြစ်နိုင်ခြေများတယ်ပေါ့။ လောလောဆယ်တော့ ကျမတို့ကစောင့်ကြည့်နေတဲ့ အခြေအနေရှိတယ်။ သူတို့တုံ့ပြန်တဲ့ အခြေအနေပေါ်မူတည်ပြီး ကျမတို့ကလည်း လှုပ်ရှားဖို့ရှိပါ တယ်။”

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တောင်ဘက် မိုင် ၂၀ အကွာ နမ္မတူမြစ်ပေါ်မှာ ဆောက်လုပ်နေတဲ့ ဒီရေအားလျှပ်စစ်စီမံကိန်း ကို ဒေသခံတွေကရော၊ Burma Campaign လို လူ့အခွင့်အရေးအဖွဲ့တွေကပါ တောက်လျှောက် ကန့်ကွက်လာကြတာပါ။

ကန့်ကွက်ကြတဲ့ အဓိကအချက်တွေထဲမှာ ရေကာတာကို စစ်ရေးပဋိပက္ခဖြစ်နေတဲ့ဒေသမှာ ဆောက်လုပ်နေတာ၊ ဒေသခံတွေကို စနစ်တကျ ရွှေ့ပြောင်းပေးဖို့၊ မြေယာလျော်ကြေးပေးဖို့ အခုချိန်ထိ ညှိနှိုင်းမှုမရှိတာ၊ စီမံကိန်းပြီးလို့ ရေသိုလှောင်တဲ့အခါ တာလုံ မြို့အရှေ့နဲ့အနောက်က ကျေးရွာနှစ်ရွာ ရေနစ်မြုပ်မှာဖြစ်သလို စိုက်ဧက ၈၀၀ ကျော်၊ သစ်တောဧက ၈၀၀၀ ကျော်၊ လူဦးရေ ၈၀၀ ကျော် ထိခိုက်နိုင်ခြေရှိတာ စတဲ့အချက်တွေကို ထောက်ပြထားကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေတယ်ဆိုပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ Burma Campaign UK အဖွဲ့က ပြည်တွင်းပြည်ပကုမ္ပဏီ ၄၉ ခုထဲမှာကို နာမည်ပျက်စာရင်း သွင်းလိုက်တဲ့ထဲမှာ ENGIE ကုမ္ပဏီလည်း ပါဝင်ပါတယ်။

ဒီရေကာတာစီမံကိန်းကို တောက်လျှောက်ကန့်ကွက်လာခဲ့တဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF ပြန်ကြားရေးတာဝန်ခံ စိုင်းရွက်လွင်က အချက်အလက်တွေ ဆက်စုဆောင်းပြီး လွှတ်တော်ကို တင်ပြသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“လောလောဆယ်ပေါ့ သူတို့ (ပြင်သစ်စွမ်းအင်ကုမ္ပဏီ) ထွက်တော့မယ်ဆိုတာလည်း သေချာသလောက်ပေါ့နော်။ ရွာသားတွေက ဘယ်လိုထိခိုက်တယ် ဘယ်လိုနစ်နာတယ်ဆိုတာ ကျနော်တို့က အချက်အလက် ဒေတာတွေစုစောင်းပြီးတော့ ကျနော်တို့က တင်ပြမှာပေါ့နော်။ လွှတ်တော်ထဲမှာ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီးတော့ ရင်ဆိုင်မှာဖြစ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ်ပေါ့နော် နည်းအမျိုးမျိုးနဲ့ ကျနော်တို့က ရပ်တည်ပေးမှာ ဖြစ်ပါတယ်။”

ဒေသခံလူထုကန့်ကွက်တဲ့ကြားမှာပဲ စီမံကိန်းကိုအကောင်အထည်ဖော်ဖို့ ကျပ်ငွေ ၃ ဘီလီယံ သုံးစွဲမယ်ဆိုပြီး ၂၀၁၈ ခုနှစ်မှာ အစိုးရက အတည်ပြုခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကပဲ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ သီပေါမြို့မှာ စုဝေးဆန္ဒပြပြီး ကန့်ကွက်ခဲ့ကြပါသေးတယ်။

မြစ်အောက်ပိုင်းမှာ မြစ်ငယ်မြစ် (ဒုဋ္ဌဝတီမြစ်) လို့ခေါ်ပြီး ရှမ်းပြည်တွင်းမှာတော့ နမ္မတူမြစ်လို့ခေါ်တဲ့ မြစ်ပေါ်မှာ တည်ဆောက်နေ တာဖြစ်တဲ့ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကနေ လျှပ်စစ်ဓာတ်အား ၂၈၀ မဂ္ဂါဝတ် ထုတ်လုပ်နိုင်ဖို့ အစိုးရက ရည်ရွယ် ထားပါတယ်။ ဒါဟာ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို လျှပ်စစ်ဓာတ်အား လုံလောက်အောင်ပေးနိုင်တဲ့ပမာဏ ရှိသလို လျှပ်စစ် ဓာတ်အား တစိတ်တပိုင်းကို ပြည်ပကိုရောင်းချဖို့ တာဝန်ရှိသူတွေက ရည်ရွယ်ထားတယ်လို့လည်း ပြည်တွင်းသတင်းမီဒီယာ တွေမှာ ဖော်ပြထားဖူးပါတယ်။ ENGIE ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းထားတာ ပယ်ဖျက်လိုက်ပြီဖြစ်တဲ့အကြောင်း Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG