သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ထူးကဲအအေးဒဏ်နဲ့ ဒေသခံမြန်မာများ


အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းကနေ အရှေ့ဘက်အထိ ဝင်ရောက်နေတဲ့ စံချိန်တင် အအေးဒဏ်ကြောင့် ဒီကနေ့အထိ သေဆုံးသူအရေ ၁၂ ဦးအထိ ရှိလာနေတဲ့အချိန်မှာဘဲ အမေရိကန်မှာ ရောက်နေကြတဲ့ မြန်မာမိသားစုတွေဟာလည်း ဒီနှစ်ရဲ့ ထူးကဲ အအေးဒဏ်ကို ခံနေကြရပါတယ်။ လတ်တလော အအေးဆုံးမြို့တွေလို့ သတ်မှတ်ထားတဲ့ နေရာတွေက မြန်မာ မိသားစုတွေ အအေးဒဏ်ကို ဘယ်လို ရင်ဆိုင်နေကြသလဲဆိုတာကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

နှစ်စဉ် ဆောင်းရာသီရောက်တိုင်း အမေရိကန်ပြည်ထောင်စုအတွင်းက နေရာဒေသ အတော်များများမှာ နှင်းမှုန်တိုင်းကျတာနဲ့ အအေးဒဏ်တွေကို ခံကြရလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီနှစ် ဆောင်းရာသီကတော့ အခါတိုင်းနှစ်တွေထက် စံချိန်တင် အေးလွန်းနေတာဟာ တချို့မြို့တွေမှာဆို အနုတ်လက္ခဏာ ၆၅ လောက်အထိ ရောက်သွားတာကြောင့် ကမ္ဘာမှာ အအေးဆုံး ဒေသလို့ သတ်မှတ်ထားတဲ့ မြောက်ဝင်ရိုးစွန်းထက်တောင် ပိုအေးကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောဆိုနေကြတာပါ။

အခုလို အေးလွန်းတဲ့ ရာသီဥတုဒဏ်ကို အမေရိကန်ပြည်ထောင်စုမှာ ရောက်နေကြတဲ့ မြန်မာနွယ်ဖွားတွေရော ဘယ်လို ရင်ဆိုင် နေကြပါသလဲ။

ကိုဝေလင်းဟာ အခု ဖြစ်ပေါ်နေတဲ့ စံချိန်တင် အအေးဒဏ်ကို အဆိုးရွားဆုံးခံနေရတဲ့ Minnesota ပြည်နယ်၊ Minneapolis မြို့မှာ နေထိုင်နေသူ တဦးပါ။ သူက လတ်တလော သူတို့မြို့က အခြေအနေကို အခုလို ရှင်းပြပါတယ်။

"ဒီမှာ ကျနော်နေလာခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးလောက်ကဆိုရင် ဒီလောက်အထိ အေးတာ တခါမှ မကြုံတွေ့ရဘူး ။ အအေးဆုံးဆိုရင် -၁၀ အဲလောက်အဆင့်အထိပဲရှိတယ်။ အခုကတော့ -၃၀ below zero အဲလောက်အထိ အေးသွားတယ်လေ။ ဆိုတော့ အရမ်းတော့အေးတယ်။ နောက်ပြီးတော့ တော်တော်လေးထူးခြားတယ် ကားတွေဘာတွေ မိုးလို့မရတဲ့အထိ ၊ ကားတစီးပဲ တစီး ပျက်နေတာတွေ တွေ့ရတယ် လမ်းပေါ်မှာ ။ မနေ့ကတောင်မှ ကျနော့် coworker တယောက်ဆိုရင် အအေးတွေက အရမ်းအေးတော့ ကားဘီးတွေက ကျုံ့သွားတယ်။ ကျုံသွားပြီးတော့ highway မှာမောင်းရင်း သတိမထားမိတော့ ကားဘီးပေါက်သွားတာတွေ ဘာတွေရှိတယ်။ အဲဒါ ကျနော့် coworker တယောက်ဆိုရင် ၁ နာရီ နာရီဝက် နီးပါးထိုင်ပြီးတော့ towl ကားကို စောင့်ရတယ်။"

အခုလို ရာသီဥတုဆိုးရွားတဲ့ အချိန်မျိုးမှာ ကားနဲ့အပြင်မသွားခင် စောင်စတဲ့ နွေးထွေးစေမယ့် အရာတွေ ကားထဲမှာ ဆောင်ထားသင့်သလို တခြား အရေးပေါ် ပစ္စည်းတွေလည်း ဆောင်ထားသင့်ကြောင်း သူက ပြောပါတယ်။ သူ့အနေနဲ့ ဒီလောက်အေးတာကို တခါမှ မကြုံဘူးပေမယ့် အခက်အခဲတွေကြားထဲက နေ့စဉ် အလုပ်သွားနေရတဲ့အကြောင်း ပြောပြပါတယ်။

မြန်မာနိုင်ငံက ရောက်လာကြသူတိုင်းဟာ အင်္ဂလိပ်စာကို ကျွမ်းကျင်၊ နားလည်ကြသူတွေ မဟုတ်တာကြောင့် ရာသီဥတုနဲ့ ပတ်သက်တဲ့ အသိပေး ပြောကြားချက်တွေကို အပြည့်အ၀ နားမလည်ကြဘူးလို့ သူက ပြောပါတယ်။ ဒါ့အပြင် တချို့တိုင်းရင်းသား လူမျိုးတွေအတွက် သူတို့ တတ်တဲ့ ဘာသာစကားနဲ့ ဘာသာပြန်ပေးဖို့အတွက်လည်း အခက်အခဲ ရှိတဲ့အကြောင်း သူက အခုလို ရှင်းပြပါတယ်။

Minneapolis မြို့မှာတင် အအေးဒဏ်ကြောင့် ဒီရက်ထဲ ၂ ဦးသေဆုံးခဲ့ပြီးဖြစ်တယ်လို့ ကိုဝေလင်းက ပြောပါတယ်။

ကိုဝေလင်းလိုဘဲ အအေးဒဏ်ကို ရင်ဆိုင်နေရသူ နောက်တဦးကတော့ Illinoi ပြည်နယ်၊ Chicago မြို့က ကိုဇော်ထွဋ်ပါ။ သူတို့မြို့ဟာလည်း အအေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့မြို့တွေထဲမှာ ပါဝင်တာကြောင့် အလုပ်မဆင်းရတာ ၂ ရက်ရှိသွားပြီလို့ သူက အခုလို စပြီး ရှင်းပြပါတယ်။

" အခုအခြေအနေကတေ့ - ၁၆ ပေါ့နော်။ အလုပ်ကလည်းတော်တော်များများမသွားကြဘူး။ တအားအေးလို့ ကျနော်တို့ ပုံမှန်စီးနေတဲ့ မီးရထားတွေလည်း သူတို့ မပြေးတာတွေ ရှိတယ်။ တအားအေးလို့ သံလမ်းတွေလည်း တအားအေးတဲ့အခါကျတော့ သူက ဆင်ဆာတွေတက်ထားတဲ့အခါကျတော့ တအားအေးရင် ဆင်ဆာတွေကအလုပ်မလုပ်ဘူးလေ။ မီးတွေဘာတွေ ရှို့ရတဲ့အဆင့်အထိရောက်သွားတာပေါ့နော်။ ကျနော်ဆိုရင် အလုပ် ၂ ရက် မသွားဖြစ်ဘူး။ ကျနော်လုပ်တာက IT အလုပ်ဆိုတော့ အိမ်ကနေ ကွန်ပြူတာနဲ့ လုပ်လို့ရတယ်။ အလုပ်ကို လှမ်းဆက်ပြီးတော့ လုပ်လို့ရတယ် သွားစရာတော့မလိုဘူးပေါ့လေ။ တချို့သွားတဲ့လူတွေကတော့ အခက်အခဲရှိတာပေါ့နော်။"

လတ်တလော ရင်ဆိုင်နေရတဲ့ စံချိန်တင် အအေးဒဏ်ကြောင့်ရော၊ စနိုးကျပြီး ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့တာတွေကြောင့်ပါ နိုင်ငံတဝှမ်း သေဆုံးသူ အနည်းဆုံး ၁၂ ဦးအထိ ရှိသွားပြီလို သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG