သုံးရလွယ်ကူစေသည့် Link များ

ဖိလစ်ပိုင် မွတ်ဆလင်သူပုန်ခေါင်းဆောင်တွေ Bangsamoro အစိုးရထဲပါဝင်


ဖိလစ်ပိုင်သမ္မတ ဒူတာတေး နဲ့အတူတွေ့ရတဲ့ မွတ်ဆလင်သူပုန်ခေါင်းဆောင် Murad Ebrahim
ဖိလစ်ပိုင်သမ္မတ ဒူတာတေး နဲ့အတူတွေ့ရတဲ့ မွတ်ဆလင်သူပုန်ခေါင်းဆောင် Murad Ebrahim

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မွတ်စလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသစ်တခုရဲ့ အုပ်ချုပ်ရေးမှူးတွေအဖြစ် တချိန်က မွတ်စလင် သူပုန် တပ်မှူးအချို့ သောကြာနေ့က ကျမ်းသစ္စာကျိန်ဆိုကြပါတယ်။ ဒါဟာဖြင့် အာရှတိုက်ရဲ့ သက်တမ်းအရှည်ဆုံး လက်နက် ကိုင် ပုန်ကန်မှုတခု အဆုံးသတ်သွားဖို့ရာမှာ သိမ်မွေ့တဲ့ မှတ်တိုင်တခုပဲဖြစ်ပါတယ်။

မိုရို အစ္စလာမ်မစ် လွတ်မြောက်ရေးတပ်ဦး MILF ရဲ့ခေါင်းဆောင် Murad Ebrahim နဲ့ သူ့ရဲ့ ထိပ်တန်းတပ်မှူးတချို့ အုပ်ချုပ်ရေး မှူးအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ပွဲကို သမ္မတ Rodrigo Duterte ကိုယ်တိုင် ကမကထပြု ဦးစီးကျင်းပတာပါ။ သူတို့တွေဟာ Bangsamoro လို့ခေါ်တဲ့ ပြည်နယ်ငါးခုပါဒေသအတွက် အသွင်ကူးပြောင်းရေးကာလ အစိုးရအဖွဲ့ထဲက အုပ်ချုပ်ရေးမှူး အယောက် ၈၀ ထဲမှာ အပါအဝင်ဖြစ်ပါတယ်။

လက်နက်ခဲယမ်း ထောင်ပေါင်းများစွာရှိထားတဲ့ လက်နက်ကိုင် ၁၂,၀၀၀ လောက်ကို ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဒီနှစ် ကစပြီး လက်နက်ဖြုတ်သိမ်းသွားမှာပါ။ သဘောတူညီချက်မှာ ပါတဲ့အချက်တွေကို ဆက်ပြီး အကောင်အထည်ဖော်သွားမယ် ဆိုရင် နောက်ထပ် လက်နက်ကိုင် ထောင်ပေါင်းများစွာကိုလည်း လက်နက်ဖြုတ်သိမ်းသွားမှာဖြစ်ပါတယ်။ အဲဒီအချက်တွေထဲမှာ သူပုန်တပ်ဖွဲ့ဝင်တွေ ပုံမှန်ဘဝကို ပြန်ရောက်စေဖို့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ဖန်တီးပေးဖို့လည်း ပါဝင်ပါတယ်။

“တိုက်ခိုက်တာတွေ အဆုံးသတ်သွားတာကို ကျနော်တို့မြင်ချင်ပါတယ်၊ အဆုံးကျတော့ တိုက်ကြခိုက်ကြ၊ တယောက်နဲ့ တယောက် ပစ်ခတ်ကြနဲ့ ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ပြီး အောင်မြင်မှုကို တိုင်းတာတာမဟုတ်ဘဲ နှစ်ပေါင်းများစွာအတွင်း သေဆုံးသူ အရေအတွက်နဲ့ တိုင်းတာခဲ့ကြပါတယ်” လို့ သမ္မတဒူတာတေးက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ သယံဇာတပေါကြွယ်ဝပေမယ့် အဆင်းရဲဆုံးဖြစ်နေတဲ့ တောင်ပိုင်းဒေသမှာ နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့တာကြောင့် လူပေါင်း ၁ သိန်းခွဲလောက် သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG