သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီဝန်ကြီးချုပ်ကို အဂတိ တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးမှု ပါတီစောင့်ကြည့်


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော် (tanintharyi chief minister Dr Daw Lae Lae Maw)

တနင်္သာရီတိုင်းဒေသမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ GGS ကုမ္ပဏီကို လုပ်ပိုင် ခွင့်တွေ ချပေးနေတယ်ဆိုပြီး ဒေသခံတချို့က NLDပါတီ ဗဟိုကို တိုင်ကြားခဲ့တာကြောင့် အဲဒီကိစ္စကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးနေပြီး NLD ပါတီဘက် ကတော့ အဂတိ ကော်မရှင်ရဲ့ လုပ်ဆောင်မှုရလာဒ်ကို စောင့်ကြည့်ပြီးမှ ပါတီတွင်း အရေးယူမှုကိစ္စကိုဆောင်ရွက်နိုင်မယ်လို့ NLD ဗဟိုပြောခွင့်ရပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ ဒ်ီကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

GGS ကုမ္ပဏီကို စီးပွားရေးလုပ်ပိုင်ခွင့်တွေချပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြား ခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို လက်ရှိမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးနေပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အနေ နဲ့ကတော့ သူတို့ အနေနဲ့ အဂတိကော်မရှင်ရဲ့ စစ်ဆေးချက် အပေါ်မူတည်ပြီး အရေးယူဖို့ကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ ပါတီဗဟိုရဲ့ ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်က ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့က ဒီစစ်ဆေးမှုက အခု အဂတိစစ်ဆေးမှုကို ကြည့်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ပါတီအတွင်း အရေးယူမှုက ဘောင်ကျဉ်း ပါတယ်။ ကျနော်တို့က နှုတ်နဲ့ သတိပေးတယ်၊ စာနဲ့သတိပေးတယ်၊ ပါတီ တာဝန်ရပ်ဆိုင်းတယ်၊ အပြင်းထန်ဆုံးက ပါတီဝင်အဖြစ်က ထုတ်ရုံပါပဲ။ ကျနော်တို့ ဒီထက်ပိုပြီး ပါတီစည်းကမ်း အရ အရေးယူလို့မရပါဘူး။ ကျနော်တို့ပိုပြီးထဲထဲဝင်ဝင်ပိုပြီး စစ်ဆေးခွင့်ရှိတဲ့ ဌာနတွေ ရဲ့လုပ်ဆောင်မှုကို ကျနော်တို့စောင့်ကြည့် နေပါတယ်။”

GGS ကုမ္ပဏီက တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းမှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ သရက်ချောင်းငါးလေလံနဲ့ တခြားဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းတချို့ကို တနင်္သာရီတိုင်းအစိုးရခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ GGS ကုမ္ပဏီက လျှပ်စစ် ဓာတ်အားဖြန့်ဖြူးဖို့တင်ဒါစာချုပ်ကို တိုင်းအစိုးရနဲ့သာချုပ်ခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာနက ရွေးချယ်ခဲ့တဲ့ ကုမ္မဏီမဟုတ်တဲ့အပြင် စာချုပ်မှာ နေရာလွတ်ချန်ပြီး ချုပ်ဆို ခဲ့လို့ တိုင်းအစိုးရနဲ့ GGS ကုမ္ပဏီကိစ္စကို ပြည်ထောင်စု အဖွဲ့အစည်းတွေရဲ့ သဘောထားမှတ်ချက်တွေယူပြီး သမ္မတ တင်ပြသွားမယ်လို့ လျှပ်စစ် စွမ်းအင် ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် က ဒီဇင်ဘာ ၂၁ကလုပ်တဲ့ ပြည်ထောင်စု လွှတ်တော် မှာပြောခဲ့ပါသေးတယ်။

ပြီးတော့ ၂၀၁၇ ဇန်နဝါရီလတုန်းက ထားဝယ်လေယာဉ် ကွင်းချုံရှင်းတာမှာ တိုင်းအစိုးရက ကျပ်သိန်း၄၀၀၀ သုံးစွဲခဲ့တာနဲ့ပတ်သတ်ပြီးအသုံးစရိတ် အတိအကျ တင်ပြပေးဖို့ တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌက ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကိုအရေးယူပေးဖို့ ထားဝယ်ခရိုင်ဒေသခံ ၄၀ကျော် လက်မှတ်ရေးထိုး ထားတဲ့ တိုင်ကြားစာကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုက ဇန်နဝါရီ ၂၄ရက်မှာ လက်ခံရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အခုလို စုံစမ်းစစ်ဆေးမှုတွေ ရှိလာတာဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်စစ်ဆေးနေတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ထားဝယ်မြို့က ဦးသန်းဝင်းကပြောပါတယ်။

“ကျနော်တို့ဒေသမှာကတော့ ကြားနေရတာပေါ့၊ သူတို့ကိုစစ်ဆေးတယ် ဘာညာ။ နောက်သူတို့ လုပ်ငန်းရှင်တွေကိုပါစစ်ဆေးတယ်လို့ ကြားနေရဗျ။ ကြားရတာကတော့ လေယာဉ် ကွင်းချုံရှင်းတဲ့ကိစ္စ ပတ်သတ်ပြီး လုပ်ငန်းရှင်တွေကိုစစ်ဆေးတယ်၊ တခြားတင်ဒါ ကိစ္စနဲ့ပတ်သတ်ပြီးတော့ပေါ့ လုပ်ငန်းရှင်တွေကို စစ်ဆေးတယ်ပေါ့။ ဘယ်သူတွေကို စစ်ဆေးတယ်ဆိုတာတော့ မသိရဘူးခင်ဗျ။”

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ် ဆိုပေမဲ့လည်း အသေးစိတ်အဖြေကိုတော့ လတ်တလောပြောလို့ မရသေးကြောင်း ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ဦးဟန်ညွှန့်ကအခုလိုပြောပါတယ်။

“အဲဒီလို ကျနော်တို့ဘာမှမှတ်ချက်မပေးပါရစေနဲ့ တာဝန်ကြီးလို့ပါနော်။ ကျနော်တို့ဟို ဟာဖြစ်ရင် လိုအပ်တဲ့အခါကျတော့ ကျနော်တို့ပြောပါမယ်နော်။ ဒါကို မှတ်ချက် ပေးဖို့ အခက်အခဲရှိပါတယ်။ အဲဒါကြောင့်ပါ။”

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ ဆွေမျိုးနီးစပ်သူတွေပါဝင်နေတယ်လို့ စွပ်စွဲခံထားရတဲ့ GGS ကုမ္ပဏီဟာ အခွန်ရှောင်နေတာတွေရှိသလို သဘာဝဓာတ်ငွေ့ဖိုးအတွက် နိုင်ငံတော်ကို ပေးရမယ့် ကြွေးကျန်ကျပ်ငွေသိန်းပေါင်း ၈သောင်းကျော်ကျန်ရှိနေပြီး ဓာတ်ငွေ့ကုဗပေ ၂သန်းကို တနင်္သာရီ တိုင်းဒေသကြီး အစိုးရထောက်ခံချက်နဲ့ ရရှိခဲ့တာလို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG