အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့ Alabama ပြည်နယ်မှာ တနင်္ဂနွေနေ့က အင်အားပြင်းလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ၂၃ ယောက်ထက် မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရာသီဥတုဆိုးဝါးနေချိန်မှာ လေဆင်နှာမောင်း ၂ ခုထက်မနည်း တိုက်ခတ်ခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက် ပိုများလာနိုင်သလို အပျက်အစီးအပိုင်းအစတွေ လွှင့်စင်မယ့် အန္တရာယ်ကြောင့် ညလုံးပေါက်ရှာဖွေရေးတွေကို ရပ်ထားခဲ့ရတယ်လို့ မြို့နယ်ရဲတာဝန်ရှိသူ Jay Jones က ပြောပါတယ်။
Alabama ပြည်နယ်မြို့တော်ရဲ့ အရှေ့ဖက် ၉၅ ကီလိုမီတာလောက်မှာရှိတဲ့ Beauregard မြို့မှာ အိမ်ခြေအများအပြားပျက်စီးသွားခဲ့ကြောင်းနဲ့ မြို့နယ်တခုလုံးမှာ အပျက်အစီးတွေကြား အသက်ရှင်ကျန်နေနိုင်သူတွေကိုလည်း အရေးပေါ်ကယ်ဆယ်ရေး ၁၅၀ လောက်က လိုက်လံရှာဖွေနေတဲ့အကြောင်း Lee မြို့နယ်အရေးပေါ် စီမံခန့်ခွဲရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။
Alabama ပြည်နယ်အုပ်ချုပ်ရေးမှူး Kay Ivey က ပြည်နယ်ထဲမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပါတယ်။ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေရင်ဆိုင်ရတဲ့ အရှေ့တောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ Alabama, Georgia, Florida နဲ့ တောင် Carolina ပြည်နယ်တွေမှာ တနင်္ဂနွေနေ့တုန်းက လေဆင်နှာမောင်း သတိပေးချက်တော်တော် များများ အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ခဲ့ပါတယ်။