သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသခံများ ရခိုင်အမျိုးသားအလံတင် ဆန္ဒပြ


ရခိုင်အမျိုးသားအလံ
ရခိုင်အမျိုးသားအလံ

ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရတပ်တို့ကြား စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန် မြောက်ဦးမြို့နယ်ထဲက ရပ်ကွက် အတော်များများရဲ့ နေအိမ်တချို့မှာ ရခိုင်အလံတွေ တပြိုင်နက်တည်းလွှင့်ထူကြတာဟာ ရခိုင်ဒေသခံပြည်သူတွေရဲ့ သဘောထားကို ငြိမ်းချမ်းစွာ အသံတိတ် ဆန္ဒထုတ်ဖော် ပြသတာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူက ပြောဆိုလိုက်တာပါ။ တိုက်ပွဲတွေပြင်းထန်နေချိန် ထောင်ချီတဲ့ ရခိုင်ဒေသခံပြည်သူ စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတွေနဲ့ အုပ်ချုပ်ရေးမှူး တချို့ကိုလည်း ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ရခိုင်ဒေသခံတွေဘက်က အခုလို ငြိမ်းချမ်းစွာနဲ့ သူတို့ရဲ့သဘောထားဆန္ဒကို ထုတ်ဖော်ပြသကြတာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူကပြောဆိုတာပါ။ အခုလို မြောက်ဦးမြို့နယ်ထဲက ရခိုင်ဒေသခံတွေ ရခိုင်အလံတွေ လွှင့်ထူကြတာနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်ကျော်ကို မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

ဦးအောင်မြတ်ကျော်။ ။ ကျနော်တို့မှာ နေ့တိုင်းလိုလို သဘောကျတယ် တခုခုကို ထောက်ခံတယ်၊ အဲလိုမျိုးဆိုရင် ကျနော်တို့ ရခိုင်ဒေသမှာ အမြဲတမ်းလုပ်ဆောင်နေတဲ့ ဓလေ့တခုပေါ့။ ကျနော်တို့ အလံထူတဲ့ အလေ့အထ ၊ ကျနော်တို့ သာသနာ့အလံတွေ ထောင်တာရှိတယ်။ အခုဆိုရင် ရခိုင့်အလံကို ထောင်တာပေါ့။ အဲဒါကတော့ ထောက်ခံတဲ့သဘောမျိုး အလံတွေထူကြတယ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့။

မဆုမွန်။ ။ အခု ဒီတခေါက် အလံတွေ ထောင်တဲ့ ကိစ္စက ဘယ်လိုသတင်းစကားကို ပေးဖို့ ရခိုင်ပြည်သူတွေဘက်က အလံတွေ ထောင်တယ်လု့ိ ယူဆပါသလဲ။

ဦးအောင်မြတ်ကျော်။ ။ အဓိကတော့ ကျနော်တို့မှာ ချက်ချင်းဖြစ်တဲ့ ပြဿနာဆိုရင် အုပ်ချုပ်ရေးမှူး ၄ ယောက်ကို ဖမ်းတယ်၊ အဲဒါကို အုပ်ချုပ်ရေးမှူး အားလုံးက မကျေနပ်လို့ နုတ်ထွက်ကြတယ်။ ပြောမယ်ဆိုရင် တမြို့နယ်လုံးမှာ ရှိတဲ့ အုပ်ချုပ်ရေးမှူး အားလုံးက နုတ်ထွက်ကြတယ်။အဲဒါကို ထောက်ခံတယ်၊ သဘောကျတယ် လက်ခံတဲ့ သဘောမျိုးကြောင့် အလံထောင်ကြတယ်လို့ ကျနော်သုံးသပ်ပါတယ်။

မဆုမွန်။ ။ဆရာကလည်း ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအတွင်းရေးမှူးတယောက်အနေနဲ့ ရခိုင်ဒေသခံပြည်သူတွေဘက် သူတို့ဆန္ဒသဘောထားကို ထုတ်ဖော်တဲ့အပေါ်မှာ ဆရာဘယ်လိုမြင်မိပါသလဲ။

ဦးအောင်မြတ်ကျော်။ ။ ဒါက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ သဘောထားထုတ်ပြန်တာပေါ့။ ပြောမယ်ဆိုရင် ဒီအစိုးရခေတ် ၊ အရင်အစိုးရခေတ်တွေမှာ တခုခု ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြမယ်ဆိုရင် ကျနော်တို့ ထုတ်ဖော်တာနဲ့ အကုန်လုံးကို ထိန်းချုပ် ၊ ပုဒ်မတွေအမျိုးမျိုးတပ်ပြီး ဖမ်းချုပ် အဲလိုမျိုးလုပ်တာတွေရှိတာပေါ့။ အခုဆိုရင်တော့ ကျနော်တို့ ပြောမယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တဲ့ မြောက်ဦးမြို့ခံတွေကို အရမ်းကို လေးစားဖို့ကောင်းပါတယ် ။ ကျနော်တို့အနေနဲ့လည်း ပြောမယ်ဆိုရင် တကယ့်ကောင်းတဲ့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တဲ့ အလေ့အကျင့်တခုလို့ သုံးသပ်မိပါတယ်။

မဆုမွန်။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဖြေပေးတာ။

ဦးအောင်မြတ်ကျော်။ ။ ဟုတ်ကဲ့ပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG