သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်သတင်းလောက အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်သတင်းလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Walk away, Hit a snag နဲ့ Cash in တို့ကို တင်ပြထား ပါတယ်။

(၁) Walk away

Walk (လမ်းလျှောက်တာ) ၊ away (နေရာကနေအဝေးသို့) ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က နေရာကနေအဝေးသို့လမ်းလျှောက်ထွက်သွားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် လက်ရှိနေရာကနေ တခြားတနေရာကို ထွက်ခွါသွားတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ သဘောတူညီမှုရဖို့ ဘယ်လိုမှ အပေးအယူ ဆက်မလုပ်နိုင်တော့ဘဲ၊ ညှိနှိုင်းလို့ မရနိုင်တော့တဲ့အဆုံး လောလောဆယ် ဆွေးနွေးနေတာကို ရပ်ဆိုင်းလိုက်တာကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းအားဖြင့် မတတ်သာတဲ့အဆုံးစိတ်လျေျာ့ပြီး၊ လုပ်လက်စကို ဆက်မလုပ်တော့ဘဲ ဆုံးသတ်လိုက်တဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒီအသုံးကို အမေရိကန်သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ဖေါ်ဝါရီလကုန်က ဗိယက်နမ်နိုင်ငံ ဟနွိုင်းမှာ ဒုတိယအကြိမ်မြောက် ထိပ်သီးညီလာခံ ကျင်းပခဲ့ရာမှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေး အဓိကပြဿနာနဲ့ ပတ်သက်လို့ ညှိနှိုင်းယူလို့ မရနိုင်တဲ့အတွက်ကြောင့် ထိပ်သီးညီလာခံမှာ ဘာမှသဘောတူညီမှု မရဘဲ၊ ဘာမှပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခြင်းမရှိဘဲနဲ့ ရုတ်တရက် အဆုံးသတ်ခဲ့တဲ့အတွက်ကြောင့် သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Trump က “Sometimes you have to walk.” တခါတရံမှာ ဘာမှသဘောတူညီမှု မရဘဲနဲ့လဲ လုပ်လက်စကိုရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေရှိနိုင်တယ်လို့ သမတက Walk ကို away မပါဘဲ တိုတိုနဲ့လိုရင်းကိုအသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဆက်ဆွေးနွေးနေလည်း ဘာမှအကြောင်းထူးမှာ မဟုတ်လို့ ဆွေးနွေးပွဲကိုရပ်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုပြီး ရည်ညွှန်းပြောခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The two sides decided to “walk away” from the deal when they failed to reach a compromise.

နှစ်ဘက်တို့သဘောတူညီမှုရဖို့ အပေးအယူမလုပ်နိုင်ခဲ့လို့ဆွေးနွေးတာကိုရပ်ဆိုင်းလိုက်ရတယ်။

(၂) Hit a snag

Hit (ထိတာ၊ တိုက်မိတာ)၊ a snag က အဓိပ္ပါယ်အမျိုးမျိုးရှိပြီး ချွန်တဲ့၊ ရှတဲ့၊ ငြိ့နိုင်တဲ့နေရာတခုကို ဆိုလိုတာ ဖြစ်ပါတယ်။ မျက်စေ့ထဲမြင်လာအောင်ပြောရရင်တော့ အကျီ်ၤမှာတတ်တဲ့ Zip ကို တတ်ရာမှာ တဝက်လောက်ကျတော့ Zip တခုခုနဲငြိပြီး ဆက်ဆွဲလို့ တာမျိူးကို Hit a snag လို့သုံးပါတယ်။ ဒီစကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ တခုခုနဲ့ငြိတာဖြစ်ပါတယ်။ အီဒီယံဆိုတဲ့သွယ်ဝိုက်အဓိပ္ပါယ်က တခုခုလုပ်ရာမှာ အဆင်ပြေမယ်လို့ ထင်ထားပေမယ့် လုပ်လက်စတန်းလမ်းမှာ အခက်အခဲပြဿနာနဲ့ ရုတ်တရက်ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ တနည်းအဆင်ပြေနေရာက ရုတ်တရက်အခက်အခဲပြဿနာနဲ့ ကြုံတွေ့ရတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ ဒုတိယအကြိမ် ထိပ်သီးညီလာခံ မကျင်းပမီ Trump နဲ့ Kim ကြား တဦးနဲ့တဦး စာအပြန်အလှန် ဆက်သွယ်တာ၊ တဦးနဲ့တဦး အမွှန်းတင်ပြောဆိုခဲ့ကြလို့ သူတို့နှစ်ဦးကြား သံတမန်ဆက်ဆံရေးဟာ သိပ်ကိုအဆင်ပြေခဲ့ပြီး Trump က Kim ကို သူနားချနိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ပြေလည်အောင်ကူညီဖို့ သူထင်သလောက်မလွယ်ဘဲ အခက်တွေ့ခဲ့လို့ ညီလာခံကနေ ဘာမှသဘောတူညီမှုမရဘဲ ရုတ်တရက် Trump အနေနဲ့ ပြန်ခဲ့ရတာကြောင့် Wall Street Journal သတင်းစာကြီးက “Trump's Approach to Diplomacy Hits a Snag in North Korean Summit” ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

The peace process between the army and the ethnic armed group “hit a snag” because of recent clashes.

စစ်တပ်နဲ့တိုင်းရင်းလက်နက်ကိုင်အုပ်စုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မကြာသေးမီတိုက်ပွဲတွေ ဖြစ်ခဲ့လို့အဟန့်အတားနဲ့ရင်ဆိုင်ခဲ့ရတယ်

(၃) Cash in

Cash (ငွေသား၊ ငွေစက္ကူ)၊ in (အထဲ) ဖြစ်ပြီး စကားစုတခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ငွေဝင်အောင်လုပ်တာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ အခွင့်သာတုန်း အမြတ်ရအောင် ငွေရှာနိုင်တာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim ကြား ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ထိပ်သီးညီလာခံကို အခြေပြုပြီး စီးပွားရှာခဲ့ကြသူတွေဟာ ခေါင်းဆောင်ကြီး နှစ်ဦးတို့ပုံတွေပါတဲ့ T-shirt တွေကို ရောင်းတာတွေ၊ K-I-T-S-C-H , Kitsch လို့ခေါ်တဲ့ ဈေးပေါတဲ့ အမှတ်တရပစ္စည်းတွေဖြစ်တဲ့ တံဆိပ်၊ ရင်ထိုး၊ ဆွဲကြိုး၊သော့တွဲ စသဖြင့်တို့ကို ခေါင်းဆောင်ကြီးနှစ်ဦးတို့ပါတဲ့ ပုံတွေသုံးခါ စီးပွါးရှာခဲ့ကြတဲ့အတွက် NPR သတင်းဌာနက” Trump-Kim Summit in Hanoi has vendors cashing in on kitsch” Trump နဲ့ Kim ထိပ်သီးညီလာခံမှာ ဟနွိုင်းရှိ ဈေးသည်တွေက အမှတ်တရပစ္စည်းတွေထုတ်ပြီး ငွေရှာခဲ့ကြတယ် ခေါင်းကြီးနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဥပမာ

This is a good year to invest in gold, you can “cash in” on it later.

ဒီနှစ်ဟာရွှေဝယ်ပြီးရင်းနှီးလို့ကောင်းတဲ့နှစ်ဖြစ်တယ်။ နောက်ပိုင်းပြန်ရောင်းရင်အမြတ်ရနိုင်တယ်။

----------------------------------

XS
SM
MD
LG