သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Trump နဲ့ ဘရာဇီးလ်သမ္မတ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့ ဆွေးနွေး


အမေရိကန်သမ္မတ Donald Trump နဲ့ ဘရာဇီးလ်သမ္မတ ဂျာရဲ ဘိုစိုနားဒိုး Jair Bolsonaro တို့ဟာ ဝါရှင်တန်ဒီစီက သမ္မအိမ်ဖြူတော်မှာ အင်္ဂါနေ့က တွေ့ဆုံခဲ့ကြပြီး ၂ နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဖို့ ကတိပြုခဲ့ကြပါတယ်။ အနောက်ကမ္ဘာခြမ်းက စီးပွားရေးအင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဘရာဇီးလ် ခေါင်းဆောင် ၂ ဦးက နီးကပ်တဲ့ ကုန်သွယ်ဆက်ဆံမှုနဲ့ အတူ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ပါ ကတိပြုခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

သမ္မတ Donald Trump နဲ့ ဘရာဇီးလ်သမ္မတ Jair Bolsonaro တို့ဟာ နေ့လည်စာစားရင်း ဆွေးနွေးမှုတွေ မလုပ်ခင် သမ္မတအိမ်ဖြူတော် Oval ရုံးခန်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ခေါင်းဆောင် ၂ ဦး ဟာ သက်ဆိုင်ရာ နိုင်ငံတွေက ဘောလုံးအသင်းတွေရဲ့ အသင်းဝတ်စုံတွေကိုလည်း လဲလှယ်ခဲ့ကြတာပါ။

ဘရာဇီးလ်မှာ အမေရိကန်ဆန့်ကျင်တဲ့ သမ္မတတွေ ဆယ်စုနှစ်နဲ့ချီ အုပ်ချုပ်နေရာကနေ မကြာသေးခင်ကမှ သမ္မတ ဖြစ်လာတဲ့ ဘိုစိုနားဒိုး ကတော့ သမ္မတ Trump ကို သဘောကျကြောင်း ပြောခဲ့သလို သူတို့ ၂ ဦးကြား တူညီမှုတွေ ရှိကြောင်း ပြောခဲ့တာပါ။

မနှစ်က နှစ်ကုန်ပိုင်းမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဘိုစိုနားဒိုးကို သမ္မတ Trump က ချီးကြူးခဲ့သလို ၂ နိုင်ငံကြား ရင်းနှီးမှုဟာ ဘယ်တုန်းကနဲ့မှ မတူအောင် နီးကပ်မှု ရှိနေတာ ဖြစ်ပြီး ၂ နိုင်ငံမိတ်ဆွေအဖြစ် ရပ်တည်သွားမယ့် အကြောင်းနဲ့ ဘရာဇီးလ်နဲ့ စစ်ရေးဆိုင်ရာ မဟာမိတ်ဖြစ်ရေးတွေကိုပါ ဆွေးနွေးဖို့ ရှိတယ်လို့ သမ္မတ Trump က ပြောကြားခဲ့ပါတယ်။

ဒီအခါမှာ ဘရာဇီးလ် ကို NATO စစ်မဟာမိတ်အုပ်စုမှာ လာရောက်ပူးပေါင်းရေးအတွက် ဖိတ်ကြားမယ့် အလားအလာ ရှိမရှိ သတင်းထောက်တွေက မေးမြန်းရာမှာတော့ သမ္မတ Trump က

“ကျနော်တို့ အဲဒီလိုစဉ်းစားဖြစ်ဖို့ များပါတယ်။ လက်ရှိ ဘရာဇီးလ်နဲ့ ဆက်ဆံရေးဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ကောင်းနေပါတယ်။ တခြားသမ္မတတွေ တုန်းကတော့ ရန်လိုမှုတွေ သိပ်များတယ်လို့ ထင်ပါတယ်။ အခုတော့ ကျနော်နဲ့ ဘာရန်လိုမှုမှ မရှိသလို၊ NATO ဖြစ်စေ ဒါမှမဟုတ် မဟာမိတ်အဖြစ်ရှိဖို့ ခိုင်မာတဲ့ တခုခုဖြစ်စေ ရလာဖို့ ကျနော်တို့ ကြည့်နေကြပါတယ်။ ဒါပေမယ့် ကျနော်တို့က ဘရာဇီးလ်နဲ့ တကယ့် မဟာမိတ်ဖြစ်နေပြီး အရင်ဘယ်တုန်းကနဲ့မှ မတူအောင် ကောင်းမွန်နေတာပါ။”

အမေရိကန်က ဘရာဇီးလ်နဲ့ စစ်ရေးဆက်ဆံမှုတွေ တိုးမြှင့်ဖို့ပါ လုပ်နေတယ်လို့လည်း သမ္မတ Trump ကပြောပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ Venezuela အတိုက်အခံ ခေါင်းဆောင် Juan Guaido အပေါ် သူတို့ရဲ့ ထောက်ခံမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ Guaido ကို Venezuela ခေါင်းဆောင်အဖြစ် အမေရိကန်အပါအဝင် အနောက်နိုင်ငံအများအပြားနဲ့ ဘရာဇီးလ် တို့ကပါ အသိမှတ် ပြုထားတာ ဖြစ်ပါတယ်။

သမ္မတ Trump နဲ့ ဆွေးနွေးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘရာဇီးလ် သမ္မတ ဘိုစိုနားဒိုးက စကားပြန်အမျိုးသမီး ကနေတဆင့် ခုလို ပြောပါတယ်။

“ဘရာဇီးလ် နိုင်ငံအနေနဲ့ နေတိုးလို အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံဖြစ်လာဖို့ အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ မကြာသေးမီက ဘရာဇီးလ်ရဲ့ Roraima ပြည်နယ် မြို့တော် Boa Vista ကတဆင့် စားနပ်ရိက္ခာကို အမေရိကတိုက် မိတ်ဆွေ နိုင်ငံများက ဗင်နီဇွဲလားအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့ကိုလည်း ဘရာဇီးလ်က လုပ်ဆောင်ပေးခဲ့ပါတယ်။ လက်ရှိမှာ ၂ နိုင်ငံ ဆက်ဆံရေးဟာ ဒီလိုအခြေနေမျိုးမှာ ရှိနေပါတယ်။ ဗင်နီဇွဲလားနဲ့ အာဏာရှင် ပြဿနာကို ဖြေရှင်းရာမှာ ဘရာဇီးလ် အနေနဲ့ ဗင်နီဇွဲလား လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ ရလာရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ အဆင်သင့် ရှိနေပါတယ်” လို့ ပြောသွားတာပါ။

ခေါင်းဆောင် ၂ ဦးကြား ဆွေးနွေးပွဲမစခင်မှာ အမေရိကန်နဲ့ ဘရာဇီးလ် ၂ နိုင်ငံကြား အာကာသ စူးစမ်းမှု ဆိုင်ရာ သဘောတူညီချက် တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ကနေ အမေရိကန် ထုတ်ကုန်ဆိုင်ရာ ဥပဒေတွေ နည်းဥပဒေတွေ ၊ ဒုံးလက်နက် ထိန်းချုပ်ရေး နည်းပညာ၊ အမေရိကန်ရဲ့ လက်နက်ထိန်းချုပ်ရေး ဆိုင်ရာ မူဝါဒနဲ့ ကိုက်ညီမယ့် အရေးပါတဲ့ အမေရိကန် နည်းပညာတွေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်စေ ဖို့ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနကပြောပါတယ်။

သတင်းစာရှင်းလင်းပွဲ အပြီး ၂ နိုင်ငံပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အမိမြေလုံခြုံရေးဌာနရဲ့ ယုံကြည်စိတ်ချရတဲ့ ကမ္ဘာတလွှား ခရီးသွားလာခွင့် အစီအစဉ်မှာ ပါဝင်နိုင်ဖို့ ဘရာဇီးလ်က လိုအပ်တဲ့လုပ်ဆောင်မှုတွေ လုပ်ဖို့ ခေါင်းဆောင် ၂ ဦး သဘောတူ ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

အမေရိကန်ကနေ ဘရာဇီးလ်ကို လာလည်မယ့် သူတွေအတွက် ပြည်ဝင်ခွင့်ဗီဇာမလိုပဲ လာရောက်နိုင်ကြောင်း ဘရာဇီးလ်အစိုးရက တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ဘက်က အပြန်အလှန်အနေနဲ့ ချက်ချင်းကြေညာမယ့် အရိပ်အယောင် တော့ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG