သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ICC ကနုတ်ထွက်ပေမယ့် Duterte ကို အရေးယူနိုင် ခုံရုံးတုံ့ပြန်


နိုင်ငံတကာ ရာဇဝတ် ပြစ်မှုခုံရုံး ICC အဖွဲ့ဝင် အဖြစ်ကနေ ဖိလစ်ပိုင် နိုင်ငံက တနင်္ဂနွေနေ့ မှာ နုတ်ထွက်လိုက်တာကြောင့် ICC က နေ နုတ်ထွက်တဲ့ ဒုတိယမြောက် နိုင်ငံ ဖြစ်လာပါတယ်။ ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ရဲ့ မူးယစ်တိုက်ဖျက်ရေး စစ်ဆင်ရေးကို ICC က စုံစမ်းစစ်ဆေးဖို့ လုပ်လာတာကြောင့် အခုလို နုတ်ထွက်တာလို့ သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။

၂၀၁၆ ခုနှစ်မှာ သမ္မတ ဒူတာတေး စတင်တာဝန်ယူပြီးနောက်ပိုင်း ထောင်နဲ့ချီ သတ်ဖြတ်ခံရမှုတွေကို ပဏာမ စုံစမ်းစစ်ဆေးနေကြောင်း ICC က ကြေညာခဲ့ပြီးနောက် လွန်ခဲ့တဲ့ တနှစ်က ဖိလစ်ပိုင်က ICC ကနေ နုတ်ထွက်စာ တင်ခဲ့တာပါ။

ICC ကနေ ဖိလစ်ပိုင် နုတ်ထွက်သွားပေမယ်လို့လည်း စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်မှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံပြီး သမ္မတ Duterte ကို အရေးယူရေး ဖြစ်လာနိုင်ခြေရှိတယ်လို့လည်း ICC ရှေ့နေချုပ် Fatou Bensouda က တနလာၤနေ့ထုတ် ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ဖိလစ်ပိုင် နိုင်ငံကို ICC ရှေ့နေချုပ် Fatou Bensouda လာရင် ဖမ်းမယ်လို့လည်း သမ္မတ Duterte က ခြိမ်းခြောက်ထားတာပါ။ အာဖဂန်နစ္စတန်နိုင်ငံတွင်းက တပ်ဖွဲ့တွေရဲ့ မတရားဖိနှိပ်မှု စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတဲ့ ICC ဝန်ထမ်းတွေကို အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးဘူးလို့ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောဆိုခဲ့တာပါ။ ဒီနောက် တနင်္ဂနွေနေ့မှာ ဖိလစ်ပိုင်ကလည်း ICC ကနေတရားဝင် နုတ်ထွက်ခွင့်ရခဲ့တာပါ။

Hague အခြေစိုက် နိုင်ငံတကာ ရာဇဝတ်မှု ပြစ်မှုခုံရုံး ICC က လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ ရန်စကျူးကျော်မှု ရာဇဝတ်မှုတွေကို ပြည်တွင်း တရားရုံးတွေက တရားစီရင်ဖို့ ပျက်ကွက်ရင် စုံစမ်းစစ်ဆေး တရားစီရင်နိုင်ဖို့ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့်လည်း ဘာရွန်းဒီနဲ့ ဂမ်ဘီယာတို့လို အာဖရိက နိုင်ငံတွေကတော့ ICC ဟာ အနောက်နိုင်ငံတွေ အပေါ် ဘက်လိုက်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ထားတာပါ။ ဘာရွန်ဒီနိုင်ငံကတော့ ICC ကနေ ၂၀၁၇ ခုနှစ်မှာ ပထမဆုံး နုတ်ထွက်ခဲ့ပါတယ်။ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို ICC က စုံစမ်းနေတဲ့ အပေါ် ICC အဖွဲ့ဝင် မဟုတ်တဲ့ မြန်မာနိုင်ငံကလည်း ဝေဖန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG