ထိုင်းနိုင်ငံမြောက်ပိုင်းမြို့ ချင်းမိုင်မှာ အဆိုးဝါးဆုံး မီးခိုးမြူတွေပြဿနာကို ထိုင်းစစ်တပ်အကြီးအကဲ Prayut Chan-ocha က ဒီကနေ့မှာ ကိုယ်တိုင်သွားရောက်လေ့လာပြီးတဲ့နောက် လေထုညစ်ညမ်းမှုပြဿနာ အဖြေရှာရေး ၇ ရက် အချိန်ပေးလိုက်ပါတယ်။
တနင်္ဂနွေနေ့ကစပြီး ချင်းမိုင်မြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ ပိုဆိုးလာတာပါ။ လေထုအရည်အသွေးတိုင်းထွာချက်အရ PM2.5 လို့ ခေါ်တဲ့ အင်မတန်သေးငယ်တဲ့ အပိုင်းအစတွေ လေထုထဲပါဝင်မှု တိုင်းထွာချက်အရ ၄၈၀ အမှတ်မှာ အများဆုံးဖြစ်နေပါတယ်။အမှတ် ၃၀၀ ကျော်ရင် အင်မတန် အန္တရာယ်ရှိတဲ့ အခြေအနေလို့ သတ်မှတ်တာပါ။ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ အမှတ် ၂၂၈ ရှိပြီး တရုတ်နိုင်ငံ ဘေကျင်းမှာ အမှတ် ၁၆၁ ပဲ ရှိတာပါ။
ချင်းမိုင်မြို့ လေထုညစ်ညမ်းမှု ပြဿနာကြောင့် မြို့ခံတွေ၊ လမ်းဘေးဈေးသည်တွေနဲ့ ရဟန်းတွေကအစ မျက်နှာဖုံးတွေစွပ်ထားရပြီး အနည်းဆုံးတက္ကသိုလ် ၂ ခုက အတန်းတွေလည်း ဖျက်ခဲ့ရပါတယ်။ ခြောက်သွေ့ရာသီမှာ လယ်ယာတွေ မီးလောင်မှုကြောင့် လေထုအရည်အသွေး ကျဆင်းရတယ်လို့ ပြစ်တင်ဝေဖန်ကြပေမယ့် လမ်းပေါ်မှာ ယာဉ်သုံးစွဲမှု တိုးပွားလာတာနဲ့ စက်မှုလုပ်ငန်းတွေ တိုးလာတာကြောင့် လေထုညစ်ညမ်းမှု ပြဿနာ ပိုဆိုးရွာလာတာပါ။
လယ်ယာတွေ မီးရှို့မှု ပြဿနာကို ဖြေရှင်းဖို့ ၇ ရက်အချိန်ပေးမယ့်အကြောင်း ချင်းမိုင်ခရီးစဉ်အတွင်း Prayut က ပြောပါတယ်။ ပြည်နယ် ၉ ခုမှာ မီးခိုးမြူဒဏ် အပြင်းအထန် ခံစားနေရတာ ဖြစ်ပါတယ်။