ဂျာမဏီ၊ Austria နဲ့ အီတလီနိုင်ငံတွေမှာ ရှိတဲ့ UniCredit Bank AG ဘဏ် ၃ ခုက ဒဏ်ကြေးငွေ စုစုပေါင်း ငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ပေးဆောင်ပြီး ကြေအေးဖို့ သဘောတူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ OFAC နိုင်ငံရပ်ခြားငွေကြေးနဲ့ ပစ္စည်း ပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဆိုင်ရာဌာနက ဧပြီလ ၁၅ ရက် တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့နဲ့ UniCredit Bank AG ဘဏ်၃ခု ရဲ့ ဒေါ်လာ ၁.၃ ဘီလျံအတွက် ကြေအေးမှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
အထူးသဖြင့် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်းမှာ ဒီဘဏ်တွေကနေ အမေရိကန်ရဲ့ ငွေကြေးစနစ်ကို တဆင့်အသုံးပြုပြီး ဘဏ်ငွေလွှဲပြောင်းမှု ပြုလုပ်ရာမှာ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုနဲ့ လူအစုလိုက်အပြုံလိုက် သေစေတဲ့ လက်နက်များထုတ်လုပ်မှု ထိန်းချုပ်ရေးအတွက် အမေရိကန်က ပစ်မှတ်ထား ဒဏ်ခတ်ပိတ် ဆို့မှုတွေပြင် မြန်မာ၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ ဆူဒန်နဲ့ ဆီးရီးယား နိုင်ငံတွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖေါက်ရာ ကျတဲ့အတွက် ဒီဘဏ်တွေကို အရေးယူထားတာ ဖြစ်ပါတယ်။
ဒီကာလအတွင်း ဒီဘဏ်တွေက တဆင့် စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ ကျော် ငွေပေးချေမှု အကြိမ်ပေါင်း ၂၀၀၀ ကျော်ကို အမေရိကန်ရဲ့ ငွေကြေးစနစ်ကို တဆင့်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ UniCredit Bank AG ဘဏ်တွေဟာ အမေရိကန်ပြည်ထောင်စုက တဆင့် အခုလို ငွေလွှဲရာမှာ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခဲ့ကြမယ် ဆိုရင် ဒီငွေလွှဲမှုတွေဟာ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အစီစဉ်တွေကို ချိုးဖေါက်ရာ ရောက်တဲ့အတွက် ပိတ်ဆို့ခြင်း ဒါမှမဟုတ် ပယ်ချခြင်း ခံကြရမှာ ဖြစ်တယ်လို့ အကြမ်းဖက်မှုနဲ့ ငွေကြေးဆိုင်ရာ ထောက်လှန်းရေးဌာန လက်ထောက်ဝန်ကြီး Sigal P. Mandelker က ပြောပါတယ်။
ဒီကာလအတွင်း အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ငွေပေးချေမှုမှာ ဂျာမဏီက UniCredit Bank AG က ၂၀၀၇ ဇန်နဝါရီလနဲ့ ၂၀၀၉ စက်တင်ဘာ ၂၈ ရက်ကြား ဘဏ်ငွေလွှဲပြောင်းမှု ၂၅ ကြိမ်၊ ငွေတန်ဖိုး ဒေါ်လာ ၂၀၈, ၁၉၁ ကို အမေရိကန် ဘဏ်စနစ်ကတဆင့် မြန်မာနိုင်ငံကို ငွေလွှဲခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် Austria က UniCredit Bank AG က ၂၀၀၇ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဒီဇင်ဘာ ၁၁ ရက် ၂၀၀၈ အတွင်း ငွေလွှဲပြောင်းမှု ၈ ကြိမ် ငွေတန်ဖိုး ဒေါ်လာ ၃၄, ၂၁၅ ပြုလုပ်ခဲ့သလို အီတလီက UniCredit Bank AG က ၂၀၀၇ ဖေဖေါ်ဝါရီနဲ့ ၂၀၁၂ ဇန်နဝါရီလကြား ဘဏ်ငွေလွှဲပြောင်းမှု ၄၁ ကြိမ်၊ ငွေတန်ဖိုး ဒေါ်လာ ၁, ၄၅၅, ၃၄၈ ကို အမေရိကန် ဘဏ်စနစ်က တဆင့် မြန်မာနိုင်ငံကို ငွေလွှဲခဲ့တာ တွေ့ရှိရကြောင်းလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာန ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။