သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အကြား နှစ်ဘက်အပစ်ရပ်ဆွေးနွေးမည်


မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် KIA တပ်ဖွဲ့ဝင်များ
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် KIA တပ်ဖွဲ့ဝင်များ

အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ဖွဲ့က ကိုယ်စားလှယ်တွေဟာ ဒီလ ၃၀ ရက်နေ့မှာ မူဆယ်မြို့ ဒီတွေ့ဆုံဖို့ ရှိပြီးအဓိက Bilateral နှစ်ဘက်အပစ်ရပ်ရေးဆွေးနွေးဖို့ ရှိနေပါတယ်။ NRPC ဘက်ကတော့ Bilateral နှစ်ဘက်အပစ်ရပ်ရေးကို သဘောတူညီပြီးရင် NCA အပစ်ရပ်စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးဖို့ ဆွေးနွေးဖွယ်ရှိပြီး မြောက်ပိုင်းမဟာမိတ်တွေဘက်ကတော့ တိုက်ပွဲတွေ ရပ်စဲရေးကို ဦးစားပေး ဆွေးနွေးဖွယ်ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်က ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဟုတ်ကဲ့။ တပ်မတော်က ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဌာနချုပ်နယ်မြေ ၅ခုမှာ ၄လတာ အပစ်ရပ်စဲကြောင်းကြေညာထားတဲ့ရက် ပြည့်မြောက်တဲ့နေ့မှာပဲအစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့က အဓိက ဆွေးနွေးမယ့်အချက်တွေကိုတော့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှုး တားဘုန်းကျော်က အခုလို ပြောပါတယ်။

“ ကျနော်တို့ဘက်က အဓိက ပြင်ဆင်ထားတာကတော့ အခုဖြစ်နေတဲ့ တိုက်ပွဲတွေကို တကယ် လက်တွေ့ကျကျ ဘယ်လို ရပ်မလဲ။ အပစ်အခတ်ရပ်စဲေး ဘယ်လို့ လုပ်မလဲပေါ့။ အထူးသဖြင့် ကျနော်တို့ ဒီ ၄ဖွဲ့က တခြားအဖွဲ့နဲ့ မတူဘူး။ ကျနော်တို့ bilateral အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ မရသေးဘူး။ အဲဒါကြောင့်မို့ ကျနော်တို့ ၄ဖွဲ့ကတော့ အဓိကကတော့ ဒီ တိုက်ပွဲတွေ ဘယ်လိုရပ်မလဲ။ bilateral သဘောတူညီချက် စာချုပ်ရအောင်ဘယ်လို လုပ်ကြမလဲ ဆိုတာ အဓိက ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ”

မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့မှာ KIO/KIA ကချင်၊ MNTJP/ MNDAA ကိုးကန့်၊ PSLF/TNLA တအန်း(ပလောင်)၊ ULA/AA ရခိုင် လက်နက်ကိုင်အဖွဲ့တွေပါဝင်ပြီး ဒီနှစ်ပိုင်းတွေအတွင်းမှာ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

KIO အနေနဲ့ကတော့ လာမယ့် ဆွေးနွေးပွဲမှာ IDP ခေါ် စစ်ရှောင်တွေ နေရပ်ပြန်ရေးကို ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ ဥက္ကဌ ဒေါက်တာ ခလပ်ဆမ်ဆွန်က ပြောပါတယ်။

“ အဓိကကတော့ ဒီ ဒုက္ခသည် IDP ပြန်ရေးကို focus လုပ်ပြီးမှ အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးမယ်လို့ သိရပါတယ်။ ”

ဒေါက်တာ ခလပ်ဆမ်ဆွန်ခေါင်းဆောင်တဲ့ ကချင် စစ်ရှောင်များ ကူညီရေးကော်မတီ KHCC ဟာ ဒီလ ၂၆ရက်နေ့က NRPC နဲ့ ရန်ကုန်မှာ တွေ့ဆုံပြီး စစ်ရှောင်တွေ နေရပ်ပြန်ရေးကို ဆွေးနွေးခဲ့သလို ဒီလို ပြန်နိုင်ဖို့အတွက်လည်း KIO နဲ့ ညှိနှိုင်းသွားဖို့ ရှိကြောင်း ပြောဆိုထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ အဓိက ညှိနှိုင်းရမယ့် အချက်တွေနဲ့ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

“ Bilateral ထိုးဖို့ ဆိုရင် အချိန်အကန့်အသတ်အတွင်းမှာ NCA ထိုးမှသာ Bilateral ထိုးတာကို လက်ခံမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ ဒါက NRPC ဘက်က သဘောထားပေါ့။ bilateral ထိုးပြီး NCA မထိုးဘဲ အချိန်ဆွဲမှာကို စိုးရိမ်တဲ့ သဘောဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း NCA နဲ့ ပတ်သက်လို့ သူတို့ ပြောချင်တာ ရှိတာကို ပြောဖို့ လိုအပ်တယ်လို့ ယူဆထားပုံရတယ်။ အဲဒီတစ်ခုက ကွဲလွဲချက်ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA အကြား တိုက်ပွဲဟာလည်း ဆွေးနွေးပွဲရဲ့ အဓိက အချက်ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ပါတယ်။

“ နောက်တစ်ခုက AA နဲ့ ပတ်သက်ပါလိမ့်မယ်။ လက်ရှိ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ AA အဖွဲ့တွေနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားက ဘယ်လိုသဘောထားမလဲ။ အဲဒါတွေကို တည်ရှိခွင့် မပေးနိုင်ဘူးဆိုရင်တော့ AA အပါအဝင် မြောက်ပိုင်းအဖွဲ့တွေနဲ့ Bilateral ထိုးနိုင်ဖို့က ခက်ခဲနေအုံးမယ်ထင်ပါတယ်။ ”

NRPC နဲ့ ကချင် စစ်ရှောင်များ ကူညီရေးကော်မတီ KHCCတို့ တွေ့ဆုံပြီး စစ်ရှောင်တွေ နေရပ်ပြန်ရေးကိုဆွေးနွေးတာနဲ့ ဒီအရေးအတွက် KHCCက KIO နဲ့ ညှိနှိုင်းမယ်ဆိုတဲ့အချက်၊ ကိုးကန့်၊ ပလောင်နဲ့ ရခိုင် ၃ဖွဲ့ရဲ့ အရေးပေါ် အစည်းအဝေး ထုတ်ပြန်ချက်တွေကြောင့် KIO ကို bilateral ထိုးဖို့ သီးသန့်ဆွဲဆောင်တာမျိုးလည်း ဖြစ်လာနိုင်ကြောင်း လည်း ပြောပါတယ်။

ပြီးခဲ့တဲ့လ အတွင်းက NCA ခေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့ ၈ဖွဲ့နဲ့ NRPC တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ်ကတော့ တိုက်ပွဲတွေလျော့ချရေးအပါအဝင် အချက် ၅ချက်ကို သဘောတူခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်ခဲ့သလို ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG