သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို စစ်လက်နက်ရောင်းချမူဒဏ်ခတ်တဲ့ EU သက်တမ်းတိုးမှု အပေါ်အမြင်


ဥရောပ သမဂ္ဂ EU က လက်နက်ရောင်းချခွင့် အပါအဝင် မြန်မာ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ၁ နှစ်ထပ်ပြီး သက်တမ်းတိုးလိုက်ပါတယ်။ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ ရုရှား လက်နက် စက်ရုံတွေကို သွားရောက်ကြည့်ရှုတဲ့ ခရီးစဉ် အပြီး ရက်ပိုင်း အတွင်းမှာဘဲ ဥရောပ သမဂ္ဂက စစ်လက်နက်ဆိုင်ရာ ဒဏ်ခတ်မှုကို တနှစ်သက်တမ်း ထပ်တိုးလိုက်တာပါ။ EU ရဲ့ မြန်မာ အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်မှုက မြန်မာ စစ်တပ်ကို အထိနာစေပါ့မလားဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ဖိနှိပ်ချုပ်ချယ်မှုတွေမှာ စစ်တပ်၊ နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က အသုံးပြုနိုင်ခြေ ရှိတဲ့ လက်နက်နဲ့ စစ်ဘက်- အရပ်ဘက်သုံး ပစ္စည်းတွေ ရောင်းချမှုကို ဥရောပ သမဂ္ဂ EU က ပိတ်ပင် တားမြစ်ချက် သက်တမ်းတိုးလိုက်ပါတယ်။ တနလာၤနေ့မှာ ကြေညာလိုက်တဲ့ မြန်မာ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို တနှစ် သက်တမ်း ထပ်တိုးလိုက်တာကြောင့် လာမယ့် ၂၀၂၀ ဧပြီလ ၃၀ ရက်အထိ သက်ရောက်မှာ ဖြစ်ပါတယ်။ မြန်မာ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်ဘက်ဆိုင်ရာ ရုရှားနိုင်ငံ ခရီးစဉ် အပြီး ရက်ပိုင်းအတွင်းမှာဘဲ EU ရဲ့ မြန်မာ အပေါ် လက်နက်ရောင်းချမှု တားမြစ် ကန့်သတ်ချက်၊ နောက် မြန်မာ လုံခြုံရေး တာဝန်ရှိသူ လူပုဂ္ဂိုလ် ၁၄ ဦး အပေါ် ပြည်ဝင်ခွင့် ပိတ်ပင်မှု ထွက်ပေါ်လာတာပါ။ ရုရှားလို နိုင်ငံတွေကနေ လက်နက်ဝယ်လို့ ရနေတဲ့ အနေအထားမှာ မြန်မာ့ တပ်မတော် အတွက် EU ရဲ့ လက်နက် ရောင်းချမှု ပိတ်ပင်ချက်က ထိရောက်မှု ရှိနိုင်ပါ့မလား ဆိုတာကိုတော့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က အခုလို ပြောပါတယ်။

“ဥရောပ နိုင်ငံတွေဟာဆိုရင် ကမ္ဘာပေါ်မှာ စစ်အသုံးအဆောင် လက်နက်ထုတ်လုပ်မှု အများဆုံး နိုင်ငံတွေထဲမှာ ပါပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှု တချို့ ဖြေလျှော့ပေးပြီးနောက်မှာ မင်းအောင်လှိုင် အနေနဲ့ ဥရောပ နိုင်ငံတချို့ကို သွားရောက်နိုင်ခဲ့တာ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ သူ သြစကြီးယားကို သူသွားခဲ့တယ်။ ဂျာမနီနဲ့ အီတလီကိုလည်း သွားခဲ့ပြီး လက်နက် ထုတ်လုပ်တဲ့ နေရာတွေကို သွားခဲ့ပါတယ်။ ဥရောပထုတ် လက်နက်တွေကို သူဝယ်ချင်ခဲ့ပါတယ်။ ဥရောပထုတ် စစ်အသုံးအဆောင်တွေကို ပိုပြီး လိုချင်ခဲ့ပါတယ်။ ဂျာမနီကနေ လေ့ကျင့်ရေး လေယာဉ်တွေ ဝယ်ဖို့ စီစဉ်ခဲ့ပါတယ်။ နောက် ဥရောပ နိုင်ငံတချို့ဆီကနေ စစ်သုံးပစ္စည်း တချို့လည်း ဝယ်ခဲ့ပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ သံချပ်ကာကားတွေ ထုတ်လုပ်တဲ့ စက်ရုံ၊ နောက် ရေငုပ်သဘောၤတွေ ပြုပြင်ထိန်းသိမ်းတဲ့ သဘောၤကျင်းကိုလည်း သွားရောက် လေ့လာခဲ့သလို ရုရှား စစ်တပ် အကြီးအကဲတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်နဲ့ ရေတပ်ကြား စစ်ဘက် နည်းပညာဆိုင်ရာ၊ လေ့ကျင်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ရုရှားခရီးစဉ် အတွင်း ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဆိုက်ဘေးရီးယား မှာ ရုရှား မီဒီယာတွေနဲ့ တွေ့ဆုံမှု အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှား လက်နက်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ရုရှားနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းတွေက ကမ္ဘာမှာ အင်မတန်အဆင့်မြင့်တဲ့ စစ်လက်နက် ပစ္စည်းတွေဖြစ်ပါတယ်။ နည်းပညာအားဖြင့် အင်မတန်မြင့်မားတာတွေ ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံ မြန်မာ့တပ်မတော်အတွက်လည်း အများကြီး အသုံးဝင်တဲ့ စစ်လက်နက်ပစ္စည်းတွေ ဖြစ်တယ်။ အနာဂတ်မှာလည်း ရုရှားနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းတွေ မြန်မာနိုင်ငံအတွက် လိုအပ်ချက် ရှိတဲ့နေရာတွေမှာ တိုးချဲ့အသုံးပြုသွားမယ်လို့ ပြောလိုပါတယ်။”

ဒါပေမယ့် မြန်မာ စစ်တပ်ဘက်ကတော့ ဥရောပ လက်နက်တွေကို ပိုပြီး လိုချင်နေပြီး ပိုပြီးလည်း ဈေးသက်သာမှာ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ထောက်ပြပါတယ်။

“အခု လက်နက်ရောင်းချမှု ပိတ်ပင်ချက် အရ ရောင်းဖို့ ခွင့်မပြုတော့တဲ့ အထဲမှာ တိုက်ခိုက်ရေး လေယာဉ်တွေ ပါပါတယ်။ ဒါပေမယ့် လေ့ကျင့်ရေး လေယာဉ်တွေကိုတော့ ဆက်ပြီး ခွင့်ပြုထားပါတယ်။ သေနတ်တွေ ရောင်းချခွင့်ကို တားမြစ်ပိတ်ပင်ထားပေမယ့်လည်း တခြား စစ်ဖက် အသုံးအဆောင်တွေကိုတော့ ဆက်ပြီး ရောင်းချနေပါတယ်။ မင်းအောင်လှိုင် ဘက်ကလည်း ဥရောပ ဘက်က စစ်ဘက် အသုံးအဆောင်တွေကို ပိုပြီး ရချင်နေပါတယ်။ ဘာကြောင့်လည်း ဆိုတော့ နိုင်ငံတကာမှာ နာမည်ကောင်းရသလို ဈေးလည်း သက်သာပါတယ်။ ဥပမာ ပြောရရင် Twin –Turbine လေယာဉ်ဆိုရင် ရုရှားကနေ ဝယ်ရင် ဒေါ်လာသန်းရာချီ သုံးရပါတယ်။ ဥရောပက လေယာဉ်တွေဆိုရင်တော့ ပိုပြီး ဈေးသက်သာနိုင်ပါတယ်။ ဆိုတော့ EU ရဲ့ မြန်မာ အပေါ် လက်နက်ရောင်းချမှု တားမြစ်မှုဟာဆိုရင် မြန်မာ စစ်တပ် အနေနဲ့ ကမ္ဘာပေါ်က အရည်အသွေး အကောင်းဆုံး လက်နက်တွေ ပိုင်ဆိုင်ခွင့် မရနိုင်ဘူးဆိုတဲ့ သဘောသက်ရောက်ပါတယ်။ တချိန်တည်းမှာဘဲ သူတို့ အနေနဲ့ လိုချင်တယ်ဆိုရင်လည်း ဈေးပိုပြီး ပေးရမှာ ဖြစ်ပါတယ်။”

နောက်တနှစ် သက်တမ်းတိုးလိုက်တဲ့ EU ရဲ့ မြန်မာ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာတော့ မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုတွေ အသုံးပြုနိုင်တဲ့ လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ရောင်းချခွင့် ပိတ်ပင်မှု၊ နောက် စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ အသုံးပြုဖို့ အတွက် အရပ်ဘက် စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေ တင်ပို့မှုကို ပိတ်ပင်မှု၊ ပြည်တွင်း ဖိနှိပ်ချုပ်ချယ်မှုတွေမှာ အသုံးပြုနိုင်ခြေရှိတဲ့ ဆက်သွယ်ရေး စောင့်ကြည့် ပစ္စည်းကိရိယာတွေ တင်ပို့မှု အပေါ်မှာလည်း တားမြစ်ကန့်သတ်ချက်တွေ ပါရှိသလို မြန်မာ စစ်တပ် တပ်ဖွဲ့တွေကို လေ့ကျင်သင်တန်းပေးမှု ကိုလည်း တားမြစ်ထားပါတယ်။

နောက် ရိုဟင်ဂျာ လူထု၊ လူနည်းစု တိုင်းရင်းသားတွေ ဒါမှမဟုတ်လည်း ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ် အတွင်းက အရပ်သားတွေ အပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီလို ချိုးဖောက်မှုတွေနဲ့ ပတ်သက်ဆက်နွယ်တဲ့ လူပုဂ္ဂိုလ် ၁၄ ဦး အပေါ်မှာလည်း ပစ်မှတ်ထား တားမြစ်ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။ မြန်မာဘက်က ခိုင်မာ ပြည့်စုံတဲ့ ပြုပြင်ပြောင်းလဲရေး မရှိရင်တော့ EU ဘက်က လက်နက်တင်ပို့ ရောင်းချမှု ဆိုင်ရာ ပိတ်ပင်တားမြစ်ချက်ကို ရုပ်သိမ်းမယ့် အလားအလာ မရှိဘူးလို့လည်း Mark Farmaner က ယူဆပါတယ်။

အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ပတ်သက်လို့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပေမယ့်၊ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် အရေးယူမှုတွေကိုဖြေလျော့ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်နက်ရောင်းချမှုတားမြစ်တာ အပါအဝင် စစ်ရေးအရ အရေးယူမှုတွေကို ဆက်လက်ထားရှိပြီး၊ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း အရေးအခင်းနောက်ပိုင်းမှာတော့ တာဝန်ရှိတဲ့ စစ်ဘက်နဲ့ရဲဘက် အရာရှိကြီးတွေကို ပစ်မှတ်ထား အရေးယူတာမျိုး ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG