IS စစ်သွေးကြွတွေက ဘာသာရေးအရ ပိုင်ဆိုင်တဲ့နယ်မြေလို့ ကြေညာထားတဲ့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံက နယ်မြေတွေ အရေးနိမ့်ကျဆုံးခဲ့တာနဲ့ပတ်သက်ပြီး ကလဲ့စားချေကြဖို့ IS အဖွဲ့ခေါင်းဆောင်က သူ့အဖွဲ့ဝင်တွေကို သတင်းစကား ပြောထားတဲ့ ဗွီဒီယိုတခု မနေ့က ထွက်လာပါတယ်။
အချိန် ၁၈မိနစ်ကျော်ရှိတဲ့ အဲဒီဗွီဒီယိုကို IS အဖွဲ့ရဲ့ al-Furqan မီဒီယာဌာနက တဆင့် အင်တာနက်မှာ တင်ခဲ့တာပါ။ ဗွီဒီယိုထဲမှာ ပြင်ပကမ္ဘာနဲ့ အဆက်အစပ်ကင်းဝေးတဲ့ IS အဖွဲ့ခေါင်း ဆောင် Abu Bakr al- Baghdadi က တင်ပလင်ခွေထိုင်ပြီး အဖြူရောင်နောက်ခံ နဲ့ စက်သေနတ် တလက်လည်းထောင်ထားပါတယ်။
တခြားIS အဖွဲ့သားတွေနဲ့ စကားပြောနေပုံဖြစ်ပြီး အဲဒီအဖွဲ့သားတွေရဲ့မျက်နှာကတော့ သဲသဲကွဲကွဲမမြင်ရပါဘူး။ သူ့ရဲ့ပြောဆိုမှုထဲမှာ ဆီးရီးယားနိုင်ငံအတွင်းက IS အဖွဲ့ ရဲ့ နောက်ဆုံးခြေကုတ်စခန်း ဖြစ်တဲ့ Baghuz မကြာခင်က ကျဆုံးခဲ့တာကို အသိအမှတ်ပြု ပြောဆိုခဲ့သလို၊ သီရိလင်္ကာ နိုင်ငံမှာ အီစတာ တနင်္ဂနွေနေ့တုန်းက လူ၂၅၀ကျော်သေဆုံးခဲ့ တဲ့ ဗုံးခွဲတိုက်ခိုက်မှု ကိုလည်း သူက ချီးမွန်းထားပါတယ်။
IS အကြမ်းဖက်အုပ်စုရဲ့ အခုတိုက်ပွဲဟာ ရန်သူကို တဖြေးဖြေးနဲ့ အားနည်းလာအောင် လုပ်ရမယ့် တိုက်ပွဲဖြစ်တယ်၊ အဖမ်းခံခဲ့ရတဲ့ IS တိုက်ခိုက်ရေးသမားတွေနဲ့ သေဆုံးခဲ့သူတွေ အတွက် IS အဖွဲ့က လက်စားချေမှာဖြစ်တယ်လို့လည်း ကတိပေးခဲ့ပြီး ဘုရားသခင်ရဲ့စီရင်ရာနေ့ဖြစ်တဲ့ ကမ္ဘာကြီး အဆုံး သတ်မယ့်နေ့ကို ရောက်တဲ့အထိ Jihad တိုက်ပွဲကို ဆင်နွှဲသွားမယ်လို့လည်း IS အဖွဲ့ခေါင်းဆောင် al- Baghdadiက သတိပေးထားပါတယ်။
အမေရိကန် ကာကွယ်ရေးဆိုင်ရာအရာရှိတွေကတော့ ဒီဗီဒီယိုထွက်လာတာကို သိတယ်ဆိုပေမဲ့ အဲဒီအထဲမှာ ပါတဲ့သူဟာ IS စစ်သွေးကြွခေါင်းဆောင်အစစ် ဟုတ်မဟုတ်ကိုတော့ အတည်မပြုနိုင်သေးဘူး လို့ဆိုပါတယ်။ တကယ်လို့ ဒီလူဟာ al- Baghdadi အစစ်ဖြစ်တယ်ဆိုရင်တော့ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ ငါးနှစ်လောက်အကြာမှာ ပထမဆုံး ပြန်မြင်ရတာပဲဖြစ်ပါလိမ့်မယ်။