သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးထောက်ခံအားပေးခဲ့သူ ဝါရင့်အထက်လွှတ်တော်အမတ် Richard Lugar ကွယ်လွန်


Richard Lugar
Richard Lugar

Indiana ပြည်နယ် Republican အထက်လွှတ်တော်အမတ်ဟောင်း Richard Lugar ဟာ ဧပြီလ ၂၈ ရက်နေ့ မနက်က အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဝါရှင်တန် ဒီစီရှိ Lugar စင်တာက တနင်္ဂနွေနေ့က ထုတ်ပြန်ပါတယ်။သူဟာ Indiana ပြည်နယ် Indianapolis မြို့တော်ရဲ့ မြို့တော်ဝန်အဖြစ် ၈ နှစ်ကြာထမ်းဆောင် ခဲ့ပြီးတဲ့နောက် Indiana ပြည်နယ် ကနေ အထက်လွှတ်တော်အမတ်အဖြစ် ၁၉၇၇ ခုကနေ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Republican အထက်လွှတ်တော်အမတ် ဟောင်း Lugar ဟာ ၂၀၁၂ က ပြန်လည်ရွေးကောက်ခံရာမှာ အရေးရှုံးနိမ့်ခဲ့တဲ့အတွက် ဝါရှင်တန် ဒီစီရှိ Lugar စင်တာကို မတည်ခဲ့ပြီး ကမ္ဘာတဝှမ်း စားနပ်ရိက္ခာ ဖူလုံရေး ၊ လက်နက်များ ဖျက်သိမ်းရေး ၊ နိုင်ငံခြားထောက်ပံ့မှု ထိရောက်မှု ရှိရေးနဲ့ Republican နဲ့ ဒီမိုကရက် နှစ်ပါတီအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ပရဟိတ လုပ်ငန်းကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

၃၆ နှစ်ကြာ အထက်လွှတ်တော်မှာ တာဝန်ထမ်းဆောင်စဉ် Lugar ဟာ မြန်မာ့အရေးကို ဦးစားပေး ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ Republican အထက်လွှတ်တော်အမတ် Lugar ရဲ့ Indiana ပြည်နယ်မှာ ထိုင်းနဲ့ မလေးရှား ဒုက္ခသည်စခန်းတွေက မြန်မာဒုက္ခသည်တွေ အဓိက လာရောက်အခြေချ တဲ့ပြည်နယ်ဖြစ်ခဲ့ပြီး မြန်မာဒုက္ခသည်ပေါင်း အခုဆို နှစ်သောင်းခွဲလောက် ရှိနေပြီ ဖြစ်ပါတယ်။ Indiana ပြည်နယ်အခြေစိုက် BACI ခေါ် မြန်မာအမေရိကန် လူမှုအဖွဲ့အစည်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး အီလိုင်ဇာဗာနီးက အထက်လွှတ်တော်အမတ် Lugar နဲ့ ပတ်သက်လို့ အခုလို အမှတ်တရ VOA ကိုပြောပါတယ်။

“သူက ကျနော်တို့ မြန်မာနိုင်ငံအတွက်ကို အများကြီး ကူညီခဲ့တဲ့လူတယောက်ပဲ၊ ကျနော်တို့ ဒီမိုကရေစီ ရဖို့တော်တော်လေးကြိုးစားပြီးတော့ လုပ်ခဲ့တယ်။ အဲဒီ လုပ်ခဲ့တဲ့ အတောအတွင်းမှာ ကျနော်တို့ နိုင်ငံအတွက်ကို တော်တော်လေး အကျိုးပြုတဲ့ ဥပဒေတွေ ပြဌာန်းခဲ့တယ် ။ အထူးသဖြင့် မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရ နျူကလီးယားလက်နက်ပိုင်းဆိုင်ရာ ပူးပေါင်းမှုမရှိအောင် သူ တော်တော်လေး ကြိုးစားပြီးတော့ တားမြစ်ခဲ့တယ်။ ပြီးတော့လည်း ကျနော်တို့နိုင်ငံ ဒီမိုကရေစီ နောက်ပြီး Human Rights အတွက်ပါ ဥပဒေကြမ်းတွေလုပ်တယ်၊ ပြီးရင် ဒီကို ရောက်နေတဲ့ မြန်မာတွေအတွက် scholarship ကိုလည်း ဆောင်ရွက်ပေးခဲ့တယ်။ ပြီးတော့လည်း နောက်တခုက မလေးရှားနိုင်ငံမှာ မလေးရှားအာဏာပိုင်ကနေပြီးတော့ လူကုန်ကူးမှုကို လုပ်တဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံက ထွက်လာတဲ့ လူတွေ တော်တော်များများ ထောင်သောင်းနဲ့အထိပါတယ်။ အဲဒါတွေကို တားမြစ်ဖို့အတွက် congress နဲ့ initiative လုပ်ပြီး ဒါတွေကို တားမြစ်နိုင်ခဲ့တယ်။ ဒါတွေက သူ့အလုပ်ကြောင့်ပဲ ဒါတွေကလည်း ။ ဆိုတော့ တော်တော်လေးကို အခြေခံကျတဲ့ အခန်းကဏ္ဍကနေပြီးတော့ Senator Lugar ဟာ ကျနော်တို့အတွက်ဆောင်ရွက်လာခဲ့တယ်။ အခုကွယ်လွန်တယ်ဆိုတာ အမေရိကန်နိုင်ငံ အတွက်ပါမဟုတ်ပဲနဲ့ ကျနော်တို့နိုင်ငံ ဒီမိုကရေစီကို ချစ်တဲ့ Burmese community အတွက်လည်း ဆုံးရှုံးမှု တခုဖြစ်တယ်လို့ ကျနော်ယူဆပါတယ်။

အထက်လွှတ်တော်အမတ် Lugar ဟာ ၁၉၈၅ ကနေ ၁၉၈၇ ခုနှစ်အပြင်၊ ၂၀၀၃ ကနေ ၂၀၀၇ ခုနှစ်အထိ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ကနေ ၂၀၁၃ ခုနှစ်အထိ အဲဒီ ကော်မတီရဲ့ ဝါရင့်အဖွဲ့ဝင် တဦးအဖြစ်လည်း ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ Lugar ဟာ အမေရိကန် နိုင်ငံခြားရေး ပေါ်လစီမှာ ထက်ထက်မြတ်မြတ်ပြောဆိုနိုင်သူ တဦးဖြစ်ခဲ့တဲ့အတိုင်း တောင်အာဖရိက အသားရောင်ခွဲခြားမှု ပပြောက်ရေးနဲ့ ၂၀ ရာစုဝင် ဆိုဗီယက်ပြည်နယ်ဟောင်းတွေမှာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ကြိုးပမ်း မှုတွေကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ သမ္မတဟောင်း အိုဘားမားက အထက်လွှတ်တော်အမတ် Lugar ကို အရပ်ဘက်အမြင့်ဆုံး သမ္မတချီးမြှင့်တဲ့ Medal of freedom လွတ်မြောက်မှု ဆုကိုလည်း ပေးအပ်ခဲ့ပါတယ်။ သူဟာ ၁၉၉၆ ခုနှစ်မှာ သမ္မတအဖြစ် ရွေးချယ်ခံဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Indiana ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ လက်ရှိ ဒု ဥက္ကဋ္ဌ သမ္မတ Mike Pence က Lugar ကွယ်လွန်မှုနဲ့ ပတ်သက်လို့ သူ့မိတ်ဆွေရင်းချာ တဦးအပြင် ကြည်ညိုလေးစားရသူ တဦး ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်း တနလာၤနေ့က ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတဟောင်း အိုဘားမားကတော့ Lugarဟာ ပြဿနာ ဖြေရှင်းတတ်သူတဦး ဖြစ်ပြီး သူ့ကြောင့်ကမ္ဘာကြီးဟာ ပိုပြီး လုံခြုံစိတ်ချရနေပြီလို့ သူ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အထက်လွှတ်တော်အမတ်ဟောင်း Lugar ကွယ်လွန်ချိန်မှာ သူ့နဘေးမှာ ဇနီးဖြစ်သူ Charlene နဲ့သား ၄ ဦးလည်းရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG