သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဒဏ်ခတ်မှုသစ် ကန်သမ္မတထုတ်ပြန်


အီရန်နျူကလီးယားအရေး ၆ နိုင်ငံ သဘောတူညီချက်ပါ အချက်တချို့ကို ဆက်လက် လိုက်နာတော့မှာ မဟုတ်ကြောင်း အီရန်သမ္မတက မနေ့တုန်းက ပြောဆိုလိုက်ပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်သမ္မတ Donald Trump က အီရန်နိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်ပါတယ်။

အီရန်နိုင်ငံအတွက် ဝင်ငွေရနေတဲ့ သံမဏိ၊ အလျူမီနီယံ၊ ကြေးနီနဲ့ သံ တင်ပို့မှုတွေအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်ကြောင်း သမ္မတအမိန့်နဲ့ ထုတ်ပြန်လိုက်တာပါ။ အီရန်နိုင်ငံမှာ အဓိက ဝင်ငွေရနေတဲ့ ရေနံတင်ပို့မှုအပေါ် အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်ထားတဲ့အတွက်လည်း စီးပွားရေးမှာ ထိခိုက်နေပါတယ်။

အမေရိကန်ရဲ့ ဒဏ်ခတ်မှု အစီအစဉ်တွေကြောင့် အီရန်နိုင်ငံမှာ မကြုံဖူးအောင် စီးပွားရေး ကျဆင်းမှုတွေ၊ အစိုးရရဲ့ ဝင်ငွေ ပြတ်လတ်မှုတွေ၊ ထိန်းမနိုင်သိမ်းမရ ငွေကြေးဖောင်းပွမှုတွေ ကြုံနေရပြီး၊ အကြမ်းဖက်ဝါဒကို ထောက်ပံ့နိုင်ဖို့ အီရန်အစိုးရ အခက်တွေ့နေပြီ ဖြစ်ကြောင်းလည်း သမ္မတ Trump က ပြောဆိုခဲ့တာပါ။ အရင်ကနဲ့ မတူတဲ့ အမြင့်ဆုံး ဖိအားတွေ ပေးနေသလို၊ နောက်ထပ် ဖိအားတွေ တိုးမြှင့်သွားမှာ ဖြစ်ကြောင်းနဲ့ အီရန်နိုင်ငံရဲ့ အပြုအမူတွေ မပြောင်းမချင်း နောက်ထပ် အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာကို မျှော်လင့်ထားဖို့လည်း သတိပေးခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်နိုင်ငံကြား ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ တင်းမာမှုတွေ ကြီးထွားလာနေတာပါ။ အမေရိကန် တပ်ဖွဲ့တွေကို ခြိမ်းခြောက်နေတယ်၊ တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုပြီး အမေရိကန်စစ်တပ်က လေယာဉ်တင်သင်္ဘော တစင်းနဲ့ နျူကလီးယားဗုံး သယ်ဆောင်နိုင်တဲ့ လေယာဉ်တွေကိုလည်း ဒေသတွင်းကို စေလွှတ်ခဲ့ပါတယ်။ မနေ့အစောပိုင်းမှာတုန်းကတော့ အီရန်သမ္မတ Hassan Rouhani က ၂၀၁၅ ခုနှစ်တုန်းက သဘောတူညီချက်ပါ အချက်တချို့ကို လိုက်နာတော့မှာ မဟုတ်ကြောင်းနဲ့ စာချုပ်ပါ နိုင်ငံတွေက ရက်ပေါင်း ၆၀ အတွင်း တုံ့ပြန်ဆောင်ရွက်တာ မရှိခဲ့ရင် နောက်ထပ် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG