သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကုန်သင်္ဘော ကန်တရားမဝင်ဖမ်းဆီးခဲ့မှု ကုလအကြီးအကဲ ဖြေရှင်းပေးဖို့ တောင်းဆို


အမေရိကန်က မြောက်ကိုရီးယားပိုင်သင်္ဘောကို ဖမ်းဆီး ( မေ ၉-၂၀၁၉)
အမေရိကန်က မြောက်ကိုရီးယားပိုင်သင်္ဘောကို ဖမ်းဆီး ( မေ ၉-၂၀၁၉)

အမေရိကန်နိုင်ငံက မြောက်ကိုရီးယားကုန်သင်္ဘောတစင်းကို တရားမဝင်ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ ကိုင်တွယ်ဖြေရှင်းပေးဖို့ မြောက်ကိုရီးယားက တောင်းဆိုလိုက်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အခုလို မြောက်ကိုရီးယားပိုင်သင်္ဘောကို ဖမ်းဆီးလိုက်တဲ့လုပ်ရပ်က ၊ အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာဥပဒေကို ဂရုမစိုက်ဘက်က ရမ်းကားတဲ့ နိုင်ငံတခုဖြစ်တယ်ဆိုတာ ပြသနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးက အတွင်းရေးမှူးချုပ် Guterres ကို မနေ့သောကြာနေ့က ပေးပို့လိုက်တဲ့ စာထဲမှာ ဖော်ပြထားတယ်လို့ မြောက်ကိုရီးယားပိုင် KCNA သတင်းဌာနက ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲ့ပြီးချိန်ကစပြီး၊ ၂ နိုင်ငံကြားမှာ တင်းမာမှုတွေ တိုးလာနေတဲ့အချိန်မှာ အမေရိကန် မြောက်ကိုရီးယား ရဲ့ ကုန်တင်သင်္ဘော တစင်းကို သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးဖမ်းဆီးသိမ်းယူခဲ့တဲ့အပေါ်မှာ ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားက ကုလသမဂ္ဂကို အခုလို စာရေးသား ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီစာထဲမှာ အတွင်းရေးမှူးချုပ်အနေနနဲ့ ဒီကိစ္စကို အမြန်ဆုံး အရေးတကြီးဆောင်ရွက်ပေးဖို့ တောင်းဆိုထားပြီး၊ အမေရိကန်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးစော်ကားနေပြီး၊ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ကို ချိုးဖောက်နေတာဖြစ်တယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG