သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝီရသူ ဖမ်းဆီးမိရေး ကြိုးပမ်းနေဆဲဖြစ်ကြောင်း အစိုးရရှင်းလင်း


ဆရာတော်ဦးဝီရသူ။
ဆရာတော်ဦးဝီရသူ။

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော်ဦးဝီရသူကို ဖမ်းမိဖို့ သွားလာတတ်တဲ့ နေရာတွေမှာ ရှာဖွေနေတဲ့အကြောင်း နိုင်ငံတော်သမ္မတရုံးက ပြောပါတယ်။ ဆရာတော် ဦးဝီရသူဘက်က ဓမ္မစက်နဲ့အရေးယူပြီးမှ အာဏာစက်နဲ့ အရေးယူခံမယ်လို့ ပြောပေမယ့် ဒါဟာ ဥပဒေကို ချိုးဖောက်နေတာ ဖြစ်လို့ ဥပဒေနည်းလမ်းအတိုင်းသာ အရေးယူရမှာဖြစ်တယ်လို့ ပြောဆိုတာတွေလည်းရှိပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ ဟောပြောတာနဲ့ ပတ်သက်ပြီး အနောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က) နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးဝီရသူကို အနောက်ပိုင်းခရိုင်တရားရုံးက ရာဇဝတ်အထွေထွေအမှုနဲ့ တရားခံပြေး အဖြစ်ထုတ်ပြန်ထားပေမယ့် အခုချိန်ထိတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

ဦးဝီရသူကို ဖမ်းမိဖို့ ရဲတပ်ဖွဲ့က သွားလာတတ်တဲ့နေရာတွေမှာ ရှာဖွေနေတယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောသွားပါတယ်။

"သူသွားလာတတ်တဲ့နေရာတွေပေါ့နော်။ သွားလာနိုင်တဲ့နေရာတွေ စောင့်ကြည့်ပြီးတော့ ရှာဖွေ စုံစမ်းလျက် ရှိတယ်။ အသေးစိတ်တော့ ပြောဖို့မရှိပါဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သူ့ရဲ့တာဝန်အရ သူ့ရဲ့ စည်းမျဉ်း စည်းကမ်းတွေအရ ဆက်လက်ပြီးတော့ လုပ်ဆောင်နေတယ်လို့ ဖြေကြားလိုပါတယ်။ အဲ့တော့ ရဲတပ်ဖွဲ့ ဝင်တွေက သူ့သတင်းကြားတဲ့နေရာတွေပေါ့။ အသေးစိတ်တော့ ပြည်သူလူထုကို ထုတ်ပြောလို့ မရဘူး။ ဘယ်နေရာမှာ ရှိနိုင်တယ်။ ဘယ်နေရာမှာ သတင်းပေါ်တယ်။ ဒါမျိုးဆိုသူတို့က လိုက်လံပြီးတော့ ရှာဖွေတာ ရှိပါတယ်။ နောက်ပြီးတော့ ဘယ်နေရာတွေတော့ သူလာတတ်တယ်ပေါ့။ ဒါမျိုးဆို ရဲရဲ့လုပ်ထုံး လုပ်နည်းအတိုင်း သူတို့ဆောင်ရွက်နေပါတယ်။"

ဆရာတော် ဦးဝီရသူကို ပထမဝရမ်း ကျော်လွန်ချိန်မှာ မဖမ်းမိခဲ့လို့ နောက်ထပ် ဝရမ်းသက်တမ်းဟာ ၁၁ ရက်နေ့အထိ တိုးမြှင့်ခဲ့တဲ့ အတွက် ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ ဆရာတော် ဦးဝီရသူ ကတော့ ဓမ္မစက်နဲ့ အရေးယူပြီးမှ အာဏာစက်နဲ့ အရေးယူခံမယ်လို့ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာ ပြောထား ပါတယ်။

ဒီလို ဓမ္မစက်နဲ့ အရေးယူပြီးမှ အာဏာစက်နဲ့ အရေးယူဖို့ ပြောဆိုနေတာဟာ ဆင်ခြေပေးနေတာဖြစ်ပြီး ဒါဟာ ဥပဒေအတိုင်းသာ ဆောင်ရွက်ရမှာလို့ ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က ဗွီအိုအေကို မိန့်ကြားပါတယ်။

"အခုဦးဝီရသူကျတော့မှ ခုနကပြောခဲ့တဲ့ ဓမ္မစက်နဲ့ပြီးတော့မှ အာဏာစက်နဲ့ အခုနက ပြောခဲ့တဲ့ အာဏာစက်နဲ့ လုပ်လို့ရမယ်ဟေ့ဆိုတာက သူလိုက်ပြီးတော့ ဆင်ခြေပေးတာပါ။ အဲ့တော့ ဦးဝီရသူဟာ သူချိုးဖောက်နေတာ တွေဟာ ခုနကပြောခဲ့တဲ့ ဥပဒေကို ချိုးဖောက်တာ ဖြစ်တဲ့အတွက်ကြောင့် ဥပဒေနည်းလမ်းအတိုင်းပဲ ဆောင်ရွက် ရမှာပါ"

အစပထမပိုင်းက ရန်ကုန်တိုင်း သံဃာ့နာယက ဆရာတော်ဦးဝီရသူကို သြဝါဒပေးဖို့ ခေါ်ယူခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သြဝါဒပေးမယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။ ဒါ့အပြင် သြဝါဒပေးမှာကို ဆိုင်းငံ့လိုက် ပေမယ့် သြဝါဒပေးတာကို မလိုက်နာရင် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုသွားမယ်လို့ သာသာနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတာမရှိသေးပေမယ့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ရာဇဝတ်အထွေထွေအမှုနဲ့ ထပ်တိုး အမှုဖွင့်ခံထားရလို့ကာယံကံရှင်ဖြစ်တဲ့ ဆရာတော် ဦးဝီရသူကို ဖမ်းမမိပေးသေပေမယ့် အမှုကို ဆက်လက် စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG