သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းမှု ထိရောက်နိုင်သလား


အစိုးရရဲ့သဘောထားကို သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောကြား။ ( ဇွန် ၇-၂၀၁၉)
အစိုးရရဲ့သဘောထားကို သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောကြား။ ( ဇွန် ၇-၂၀၁၉)

ရခိုင်ဒေသရဲ့စစ်ရေးပဋိပက္ခကို လျှော့ချဖြေရှင်းဖို့ဆိုရင် အင်အားကြီးတဲ့ မြန်မာ့တပ်မတော်ဘက်က အလျော့ပေးတဲ့နည်းကို သုံးခြင်းအားဖြင့် ပြဿနာကို ပြေလည်စေနိုင်မှာ ဖြစ်သလို၊ နိုင်ငံတကာအလယ်မှာ ကျဆင်းနေတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး အဖတ်ဆယ် နိုင်လိမ့် မယ်လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်တွေက ထောက်ပြကြပါတယ်။ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း အပစ်ရပ် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုသွားဖို့ သမ္မတရုံးပြောခွင့်ရက ဖိတ်ခေါ်လိုက်အပြီး အခုလို သုံးသပ်လိုက်ကြတာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခကို အသုံးသတ်ဖို့ဆိုရင် AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း အပစ်ရပ် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို သွားဖို့ ဖိတ်ခေါ်ကြောင်း အစိုးရရဲ့သဘောထားကို သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောသွားပါတယ်။

“ အခု ကျနော်တို့ အစိုးရဘက်ပိုင်းက ကြိုးစားနေတာက AA အပါအဝင် မြောက်ပိုင်းလေးဖွဲ့နဲ့ bilateral- ceasefire agreement။ ပြီးရင် ကျနော်တို့ နိုင်ငံရေးအခွင့်အရေးတွေရဖို့ နိုင်ငံရေးစားပွဲဝိုင်းကိုရောက်ဖို့ ဒီလမ်းကြောင်းကိုပဲ ကျနော်တို့က တိုက်တွန်းချင်တယ်။ အဲ့တော့ ကျနော်တို့ အဓိက မေတ္တာရပ်ခံချင်တာကတော့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းပေါ့နော် bilateral- ceasefire agreement ဖြစ်အောင်လို့ ပြီးရင် NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ရောက်အောင်လို့ ပြီးရင် အားလုံးနဲ့ တန်းတူရည်တူ နိုင်ငံရေးအခွင့်အရေးတွေ တောင်းဆို ပြည်နယ်အခွင့်အရေး တိုင်းရင်းသားအခွင့်အရေးတွေ တောင်းဆိုဖို့ ဒီနည်းလမ်းကပဲ အားလုံးအတွက် ခံသာတယ်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူထု မနာတဲ့နည်းလမ်း ဖြစ်မယ်လို့ ကျနော်က ပြောချင်တယ်။”

ဒီလိုဖိတ်ခေါ်မှုဟာ NLD အစိုးရက အကောင်ထည်ဖေါ်နေတဲ့ ပင်လုံညီလာခံ ရပ်ဆိုင်းလုနီးပါး ဖြစ်နေတာကြောင့် ဒါကို ပြန်လည်အသက်သွင်း ဖို့အတွက် အစိုးရရဲ့ ကြိုးပမ်းမှု တခုဖြစ်ကြောင်း ဂျာမနီမှာနေထိုင်တဲ့ တိုင်းရင်းသားအရေးကျွမ်းကျင်သူ စိုင်းဝမ်စိုင်းက ပြောပါတယ်။

“သူတို့က NCA ကို အခြေခံတဲ့ Union Peace Conference ၁၂ရာစုပင်လုံက အလုပ်မဖြစ်တာ ကြာပြီလေ။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ရပ်သွားတာ။ ခြောက်လ ခုနှစ်လလောက်ရှိနေပြီ။ ခင်ဗျားတို့တွေက မမျှတဘူး အပေါ်စီးကနေ ဆက်ဆံတယ်။ ဒါကြောင့် ကျနော်တို့ ဒီNCA ကိုတော့ ပြန်ပြုပြင်ရမယ် မွမ်းမံရမယ်ဆိုပြီးတော့ အဲ့လိုပြောတာကိုး။ ဆိုတော့ အဲ့ဒီ့အဓိပ္ပါယ်က ဒီ Peace Process ကတော့ သေနေပြီ။ သေနေတာကို ပြန်ရှင်အောင် ပြန်လုပ်တာပေါ့။ ရှင်အောင်ပြန်လုပ်ချင်တယ်ဆိုလို့ရှိရင် ဒီ Northern Alliance လေးဖွဲ့ကို bilateral- ceasefire ထိုးလို့ရှိရင် လမ်းပွင့်သွားမယ်လေ။”

အရင်ကလည်း ဒီလိုဆွေးနွေးဖို့ ဖိတ်ခေါ်မှုတွေရှိခဲ့ပေမယ့် လက်တွေ့မှာ ရေရှည်ခံတဲ့ အောင်မြင်မှု ရလဒ်တွေ မတွေ့ရသေးပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအောင်မြင်ချင်ရင် ရိုးသားပွင့်လင်းမှုရှိဖို့တော့ လိုတယ်လို့ ဂျာမနီ- ဘာလင်တက္ကသိုလ် အာရှလေ့လာရေးဌာနက ကထိကဟောင်း ဦးခင်မောင်စောက သုံးသပ်ပါတယ်။

“ တပ်မတော်ကနေပြီးတော့ သူတို့ ကြေညာချက် ထုတ်တုန်းက AA ကို အပြုတ်တိုက်ဖို့ ဒေါ်စုက အမိန့်ပေးထားလို့ သူတို့ တိုက်ရပါတယ်ဆိုပြီး ပြောတာကိုး။ အဲ့တော့ ဒေါ်စုအနေနဲ့ လုပ်ချင်လို့ရှိရင် ဒါကိုပြန်ပြီးတော့ လာခဲ့ကြပါ ဆွေးနွေးကြပါ။ ဆွေးနွေးတဲ့အချိန်မှာလည်း ဘာမှမဖြစ်စေရဘူး။ ဆွေးနွေးပြီးလို့ ဆွေးနွေးပွဲ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ဆွေးနွေးပွဲပြီးတဲ့အချိန်ကစပြီး နောက်ထပ် ဘယ်နှစ်ရက် အတိုက်အခိုက်ရပ်ထားမယ်။ ၆၃ခုနှစ်က တော်လှန်ရေးကောင်စီလုပ်တဲ့ဟာမျိုး ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ နောက် တပ်မတော်ကလည်း သူတို့ပြောတာက မြန်မာပြည်မှာ အကြီးဆုံးက သမ္မတပါပဲ။ နိုင်ငံတော်သမ္မတပေးတဲ့အမိန့်ဆို ကျနော်တို့ နာခံရမှာပေါ့။ အဲ့တော့ ဒေါ်စုအနေနဲ့ ပြောရင် မပြော မပြောရင် သမ္မတဦးဝင်းမြင့်အနေနဲ့ ဒါမျိုး ပြောလိုက်ရင်တော့ အကောင်းဆုံးဖြစ်နိုင်မယ်လို့ ကျနော်ထင်တယ်လေ။”

တပ်မတော်ရဲ့ ကန့်သတ်ချက်တချို့ကြောင့် လက်တွေ့မှာ AA လက်နက်ကိုင်တပ်ဖွဲ့နဲ့ အပစ်ရပ်ငြိမ်ချမ်းရေးလုပ်ဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ စိုင်းဝမ်စိုင်းက မြင်ပါတယ်။

“ စစ်တပ်ဘက်က ပြောတယ်တဲ့ AA ကိုကျနော်တို့က လိုင်ဇာမှာနေတဲ့ တပ်အနေအထားမျိုး နဲ့ လက်ခံလို့ရတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ထဲကို ဝင်နေတဲ့ AA တပ်တွေကို ကျနော်တို့ လက်မခံနိုင်ဘူး။ အသိအမှတ်မပြုနိုင်ဘူးပေါ့။ ဆိုတော့ အဲ့ဒီ့ AA ကလည်း ပြန်မှာမဟုတ်ဘူးလေ။ AA တပ်တွေက ရခိုင်ပြည်နယ်ကို ကာကွယ်ဖို့အတွက် သူတို့မရှိမနေ ရှိရမယ်လို့ ပြောနေတာကိုး။ အဲ့ဒီ့အတွက်ကြောင့်မို့လို့ သူက ဒီ Northern Alliance ပေါ့ဗျာ။ မြောက်ပိုင်းစစ်ရေးမဟာမိတ်နဲ့သူက လက်မှတ်ထိုးဖို့က သူတို့က ဖြစ်နိုင်ချေက နည်းတာကိုး။”

လတ်တလော မြန်မာ့တပ်မတော်ရင်ဆိုင်နေရတာက နိုင်ငံတကာဖိအားတွေဖြစ်ပြီး အခုချိန်မှာ ကိုယ့်ဘက်က သဘောထားကြီးမှုကို ပြသနိုင်ရင် တပ်မတော်ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်လိမ့်မယ်လို့ ကထိကဟောင်း ဦးခင်မောင်စောက ပြောပါတယ်။

“Amnesty International တို့ ICC တို့မှာ ဗမာ့တပ်မတော်က တော်တော်ကို နာမည်ပျက်နေတယ်။ အဲလိုဖြစ်နေတုန်းအချိန်မှာ ဗမာ့တပ်က သဘောထားကြီးကြောင်းကို ပြပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆွေးနွေးတဲ့နေရာမှာ ပိုပြီး သဘောထားကြီးကြောင်းကို ပြနိုင်ခဲ့လို့ရှိရင် တပ်မတော်ရဲ့နာမည် ပြန်ကောင်းလာနိုင်တယ်။ ဒီလိုအခွင့်ရေးကြုံတုန်းအချိန်မှာ ကိုယ့်ဖက်က သဘောထားကြီးကြောင်း ပြလိုက်ပြီးတော့ နာမည်ကောင်းဝင်ယူသွားနိုင်ရင် အဲဒါ အကောင်းဆုံးအခွင့်ရေးပဲ။”

ကိုလံဘီယာနိုင်ငံမှာဆိုရင် အစိုးရကိုနှစ်ရှည်ကြာ တိုက်ခိုက်လာခဲ့တဲ့ FARC သူပုန်တွေကို အစိုးရတပ်တွေဘက်က အလျှော့ပေးစေ့စပ် ခဲ့တာကြောင့် အပစ်ရပ်ဆွေးနွေးပွဲတွေ အောင်မြင်ခဲ့တဲ့ သာဓကရှိတယ်လို့ စိုင်းဝမ်စိုင်းက ထောက်ပြပါတယ်။

“ အစိုးရက သူပုန်ကို သူတို့က သဘောထားကြီးကြီးနဲ့ လိုက်လျောပြီး peace agreement တွေပေါ့ဗျာ၊ စာချုပ်တွေဘာတွေ လုပ်ပြီးတော့ .. နောက်ပိုင်းကျတော့ သူတို့က လက်နက်တွေဘာတွေချပြီး ရွေးကောက်ပွဲဝင်တယ် ဘာတယ် ဖြစ်သွားတာပဲလေ။ ဆိုတော့ ကျနော်ထင်တာကတော့ ဒီအင်အားကြီးတဲ့ အစိုးရအဖွဲ့ဟာ သဘောထားကြီးဖို့ လိုတာပေါ့။ သူက တွက်ကပ်ပြီး အသေးအမွှားလေးတွေကို ခင်ဗျား ဟိုဟာတော့မရဘူး ဒီဟာတော့မရဘူး လုပ်နေလို့ကတော့ ကျနော်ထင်တယ် မဖြစ်နိုင်ဘူး။ ”

Burma News International (BNI) အဖွဲ့ရဲ့စစ်တမ်းတွေအရ ၂၀၁၉ ဇန်နဝါရီလကနေ မတ်လအထိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရက်ပေါင်း ၄၉ ရက်ရှိပြီး နှစ်ဖက်တပ်တွေရဲ့ သေဆုံးမှုက ရာဂဏန်းရှိကာ စစ်ပြေးဒုက္ခသည်ပေါင်း သောင်းဂဏန်းရှိတယ်လို့ ဖေါ်ပြထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG