သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်သမ္မတရဲ့လူမျိုးခွဲခြား မှတ်ချက်အပေါ် လွှတ်တော်မဲခွဲမည်


အမေရိကန်လွှတ်တော်အမတ်တွေအပေါ် သမ္မတ Donald Trump က လူမျိုးရေးအရ မှတ်ချက်စကားပြောခဲ့တဲ့ အပေါ် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ဒီမိုကရက်အများစုလွှမ်းထားတဲ့ အောက်လွှတ်တော်မှာ ဒီကနေ့ အင်္ဂါနေ့ မဲခွဲဖို့ ရှိနေပါတယ်။

အခုလို မဲခွဲဖို့ရှိတယ်ဆိုတာကို အောက်လွှတ်တော်လူများစုခေါင်းဆောင် Steny Hoyer က ကြေညာခဲ့ပြီး၊ ဒီမိုကရက်အမတ်တွေနဲ့အတူ Republican အမတ်တွေအနေနဲ့လည်း ပါတီထက် တိုင်းပြည်ကိုကြည့်ပြီး မဲပေးကြမယ်လို့ မျှော်လင့်တဲ့အကြောင်း သူက ပြောသွားပါတယ်။

တိုင်းပြည်အတွင်း ရွေ့ပြောင်းလာသူတွေကို သူတို့နိုင်ငံကို ပြန်သွားဆိုပြီး ပြောဆိုချက်ဟာ အသားအရောင်အမျိုးမျိုးရှိတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်နိုင်ငံသားဖြစ်လာသူတွေကို မုန်းတီးစေမှု ကြောက်ရွံ့စေမှုတွေဖြစ်စေတယ်လို့ ဆိုပြီး သမ္မတ Donald Trump ရဲ့ လူမျိုးခွဲခြားတဲ့ ဒီမှတ်ချက်အပေါ်မှာ လွှတ်တော်အနေနဲ့ အပြင်းအထန် ရှုတ်ချကြောင်း အဆိုပြုမူကြမ်းမှာ ဖော်ပြထားပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေ တိုင်းပြည်တွင်းလာရောက်ခိုလှုံသူတွေကို ကျူးကျော်ဝင်ရောက်လာသူတွေလို့ သုံးနှုန်းတာနဲ့၊ အခုလို အသားအရောင် လူမျိုးကွဲတဲ့ လွှတ်တော်အမတ်တွေကို အမေရိကန်နဲ့ မပတ်သက်ဖို့ ပြောဆိုချက်တွေကိုလည်း ဝေဖန်ကန့်ကွက်ထားပါတယ်။ အောက်လွှတ်တော်အမတ် Ilhan Omar ၊ အောက်လွှတ်တော်အမတ် Alenxandria Ocasio-Cortez အောက်လွှတ်တော်အမတ် Ayana Pressley နဲ့ အောက်လွှတ်တော် Rashida Tlaib တို့ ဒီ အမျိုးသမီး လွှတ်တော်လေးဦးကို သမ္မတ Donald Trump က ရည်ရွယ် တိုက်ခိုက်ပြောဆိုခဲ့တာပါ။

ဆိုမားလီယားမွေးဖွားခဲ့တဲ့ Minnesota ပြည်နယ် အောက်လွှတ်တော်အမတ် Omar ကတော့ ဒါဟာ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်လေးဦးကို ပြောင်ပြောင်တင်းတင်း လူမျိုးရေးအရခွဲခြားတိုက်ခိုက်တဲ့ လုပ်ရပ်ဖြစ်တယ်၊ ဒါဟာ လူဖြူကြီးစိုးရေး လုပ်ရပ်ဖြစ်တယ်လို့ အပြစ်တင်တုံ့ပြန်ခဲ့ပါတယ်။ ဒီ အမတ်တွေအနေနဲ့ သူတို့ မူရင်းနိုင်ငံကို ပြန်သွားပြီး အဲဒီမှာရှိနေတဲ့ ပြဿနာတွေနဲ့ ရာဇ၀တ်မှုတွေကို ဖြေရှင်းစမ်းပါဆိုပြီး သမ္မတ Trump က သူ့ တွစ်တာအကောင့်ကနေ ရေးတင်ခဲ့တာပါ။

ဒီ အမတ်လေးဦးမှာ သုံးဦးဟာ အမေရိကန်ပြည်ထောင်စုမှာပဲ မွေးဖွားသူတွေဖြစ်ကြပါတယ်။ အောက်လွှတ်တော်အမတ် Ocasio-Cortez နယူးယောက်ဇာတိဖြစ်သလို အောက်လွှတ်တော်အမတ် Pressley ကတော့ Cincinnati မှာ မွေးဖွားသူ၊ အောက်လွှတ်တော်အမတ် Tlaib က Michigan ၊ Detroit ဇာတိဖြစ်ပါတယ်။ အဲဒီထဲက လွှတ်တော်အမတ် Omarနဲ့ အမတ် Tlaib ဟာ အမေရိကန်လွှတ်တော်မှာ အရွေးခံရတဲ့ ပထမဆုံး မွတ်ဆလင်အမျိုးသမီးတွေဖြစ်ကြပါတယ်။ သူ့မူဝါဒတွေကို ဘယ်လိုကာကွယ်ရမှန်းမသိတော့ ပုဂ္ဂိုလ်ရေးအရ ပြန်တိုက်တာပဲဆိုပြီးတော့ လွှတ်တော်အမတ် Ocasio-Cortez က သတင်းထောက်တွေကို တုံ့ပြန်ပြောခဲ့ပါတယ်။ သမ္မတ Trump ကတော့ သူနဲ့ သဘောထား တူသူတွေ အများကြီးရှိတယ်ဆိုပြီး ဝေဖန်တုံ့ပြန်ချက်တွေကို ဂရုမထားကြောင့် ပြန်လည်ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG