ပြင်သစ်နိုင်ငံက တီထွင်ထုတ်လုပ်သူ တစ်ယောက်ဟာ Hoverboard လို့ခေါ် ဂျက်အင်ဂျင်တပ် လေပေါ်ပျံသန်းနိုင်တဲ့ကိရိယာ နဲ့ အင်္ဂလိပ်ရေလက်ကြားကို အောင်မြင်စွာ ဖြတ်ကျော် ပျံသန်းနိုင်ခဲ့ပါတယ်။ Franky Zapata ဟာ အဲဒီ Hoverboard ကို တီထွင်ခဲ့ပြီးတော့ ၊ ပြင်သစ်နိုင်ငံကနေ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီး အင်္ဂလန်ကို ပျံသန်းခဲ့တာဖြစ်ပါတယ်။
အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပျံတဲ့အချိန်က စုစုပေါင်း မိနစ် ၂၀ ကြာခဲ့ပါတယ်။ Zapata ဟာ ပြင်သစ်နိုင်ငံ Sangatte မြို့ကနေ တနင်္ဂနွေနေ့ အစောပိုင်း စတင်ပျံသန်းခဲ့ပြီး၊ ဒိုဗာမြို့နားက Saint Margaret ပင်လယ်အော်နားကို ဆင်းခဲ့တာဖြစ်ပါတယ်။
ပြင်သစ်စစ်တပ်ရဟတ်ယာဉ်က သူ့နောက်ကနေ လိုက်သွားခဲ့ပြီး၊ သူဟာလမ်းတ၀က်မှာတော့ သင်္ဘောတစင်းပေါ်ကို ဆင်းပြီး ဆီဖြည့်ခဲ့ပါတယ်။ ဒီကနေ့ ပျံသန်းမှုဟာ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပျံဖို့အတွက် ဒုတိယအကြိမ်မြောက် ကြိုးပမ်းတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ပထမအကြိမ် ကြိုးပမ်းခဲ့ပေမယ့်၊ ဆီဖြည့်ဖို့အတွက် သင်္ဘောပေါ်ကို ဆင်းစဉ်မှာ ရေထဲကို ကျသွားတာကြောင့် အဲဒီတုန်းက မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီတကြိမ်မှာတော့ အားလုံးအဆင်ပြေခဲ့ပြီး ဗြိတိန်မှာ ဆင်းဖို့လုပ်တဲ့အချိန်မှာ သူက ကြည့်နေတဲ့သူတွေကို လက်ဝှေ့ယမ်းပြီး နှုတ်ဆက်ခဲ့ပါတယ်။ ဒီ Hoverboard ကို ဂျက်လေယာဉ်အသေးရဲ့ အင်ဂျင် ၅ လုံး တပ်ထားတာ ဖြစ်ပြီး၊ လေယာဉ်လောင်စာစီတွေကို ကျောပိုးအိတ်မှာ ထည့်ပြီး သယ်သွားခဲ့တာဖြစ်ပါတယ်။