သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ်ရေဘေး စိတ်မချရသေး


မွန်ပြည်နယ် ရေဘေးကြုံနေစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)
မွန်ပြည်နယ် ရေဘေးကြုံနေစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

မွန်ပြည်နယ် နေရာအများအပြားမှာ မိုးသည်းထန်ရေကြီးတာကြောင့် အိမ်ခြေအတော်များများ ပျက်စီးပြီး၊ တချို့ဒေသမှာ စပါးစိုက်ခင်းတွေ ပျက်စီးမှာကို စိုးရိမ်နေကြပါတယ်။ မွန်ပြည်နယ်အစိုးရက ကူညီကယ်ဆယ်ရေးအတွက် လုပ်ဆောင်နေတာရှိပေမယ့် အရေးပေါ် အကူအညီ လိုအပ်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ကြာသပတေးညကစလို့ မွန်ပြည်နယ်မှာ မိုးသည်းထန်ပြီး ရေကြီးလာတာကြောင့် တချို့ဒေသခံတွေ ရေဘေးလွတ်ရာ တိမ်းရှောင်ကြသလို၊ အများစုကတော့ မိမိတို့နေအိမ်တွေမှာပဲ နေနေခဲ့ကြတာပါ။

ဘီးလင်းမြို့မှာတော့ ပြီးခဲ့တဲ့၂ ရက်အတွင်း စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့တာကြောင့် ထောင်ချီတဲ့ဒေသခံတွေ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့ခိုလှုံခဲ့ရပြီး မွန်ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရက စားနပ်ရိက္ခာနဲ့ သောက်ရေသန့်တွေ ဝေငှပေးခဲ့ကြောင်း NLDပါတီ ဘီးလင်းမြို့နယ် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦးက VOA ကိုပြောပါတယ်။


“ဘီးလင်းမှာက လက်ရှိအခြေအနေက စိုးရိမ်ရေအမှတ်အောက်ကို ရောက်သွားပြီဆိုတော့ ကယ်ဆယ်ရေးစခန်းမှာလည်း ၄ ပုံ ၃ ပုံလောက် လျော့သွားပြီပေါ့။ ၁ ထောင် ကျော်ကျော်ပဲ ကျန်တော့တယ်။ ၇ ရက်နေ့လောက်တုန်းက ကယ်ဆယ်ရေးစခန်း ၄၀ မှာ ခိုလှုံသူ ၇၈၀၀ ကျော် ရှိတယ်။ ကျနော်တို့ ဘီးလင်းဖက်မှာတော့ ကူညီကယ်ဆယ်မှုက အားကောင်းတယ်။ ဒီနှစ်က အားကောင်းတယ်။ မနှစ်က အားနည်းချက်တွေကို ယူပြီးတော့ ပြင်ဆင်ထားတာတွေ ရှိတယ်။ ဒီနှစ်မှာ ကြိုပြီးတော့ အဲဒီရွာတွေ အုပ်စုကြီး(၁၀)စုကို ရေမကြီးတဲ့ နေရာကို ပို့ထားတယ်။ ဆန်ဆီဆား ရေသန့်ပေါ့ ငါးသေတ္တာဗူး အပြည့်ပို့ထားတယ် မနှစ်က အခြေနေပေါ် အခြေခံပြီးတော့ ။ နောက် မြစ်ရေကြီးတာကို အချိန်နဲ့ တပြေးညီ ပညာပေးနေတယ်။ အခု စိုးရိမ်ရေအမှတ် ၁၀၂၂ စင်တီမီတာ၊ အခုတက်သွားတာ အမြင့်ဆုံး ၁၀၃၅ လောက်တော့ တက်တယ်။ ဥပမာ လယ်ဆိုရင် စိုက်ဧကထဲအများကြီး ရေဝင်သွားတယ်။ အခုချိန်မှ ပြန်ကျသွားတယ်။ ၁၀ ရက်လောက် ရေလွှမ်းမှပဲ လယ်ပျက်တာ၊ အခုကတော့ ၃ ရက်လောက်ပဲလွှမ်းတာဆိုတော့ မပျက်ဖို့ များတာပေါ့၊ ဒီ ၄-၅-၆ ရက်ကို တချက်လောက် စောင့်ကြည့်ရမယ်။ အဲဒီအချိန်ကျရင် အတိကျ သိမှာ။ ”

ဒီလရာသီဟာ မြစ်ရေတက်လေ့ရှိပြီး ရုတ်တရက် မိုးသည်းထန်တာကြောင့် မော်လမြိုင်မြို့မှာ ထင်ထားတာထက် ရေပိုကြီးသွားလို့ တချို့ ရပ်ကွက်ကအိမ်တွေ ရေမြုပ်ကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ မုန်တိုင်းငယ်ကြောင့် မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးဇလဌာနက သတိပေးခဲ့ပေမယ့် မော်လမြိုင်မြို့မှာတော့ အရေးပေါ် သတိ ပေးတာမျိုး မရှိခဲ့ဘူးလို့ မော်လမြိုင် ဒိုင်းဝန်ကွင်းအရပ်မှာနေတဲ့ အငြိမ်းစား ဆရာမတဦးက ပြောပါတယ်။

“သောကြာနေ့အကူး ည ၂ နာရီကျတော့ လေရော၊ မိုးရော၊ မိုးကြိုးပစ်၊ တခါမှ မကြုံဖူးတဲ့လေတွေ ကြမ်းတယ်။ အဲဒီကနေစပြီး မိုးရွာလိုက်တာ သောကြာနေ့မနက် ၁၁ နာရီလောက်အထိ လေကြမ်းတယ်။ လေကြမ်းတော့ မီးကလည်း ပျက်သွားတယ်။ မိုးလင်းတဲ့အခါကျတော့ ပင်လယ်ပြင်ကြီးလို ရေတွေက ပြည့်ပြီး နိမ့်တဲ့ အိမ်တွေဆိုရင် အိမ်ထဲထိ ရေက ၂ ပေလောက်ထိ ဝင်တယ်။ တချို့ နိမ့်တဲ့အရပ်မှာဆိုရင် - အမှတ် ၅ အထက ကျောင်းဆို အုတ်တံတိုင်းတွေ ပြိုတယ်။ ဓာတ်တိုင်တွေလဲတယ်။ သီရိမြိုင်ရပ်ကွက်ဆိုရင် ရေက ၆ ပေ၊ ၇ ပေလောက်ထိ နစ်မြုပ်သွားတယ်။ တချို့ဆိုရင် တအိမ်လုံးနီးပါး မြုပ်သွားတာ။ ဒီ ဒိုင်းဝန်ကွင်းပိုင်းမှာဆိုရင်မှာဆို အားလုံးနီးပါး တော်တော်များများ အိမ်တွေက မြုပ်ကုန်ကြတယ်။ တချို့နေရာမှာ ကျတော့လည်း ဘယ်လိုမှ ထွက်လို့မရတော့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေကလာပြီး လူတွေကို နီးစပ်ရာ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ပို့ပေးလိုက်တယ်။ ထမင်းထုပ်တွေလည်း ပေးလိုက်တယ်။ ဒီဖက်မှာကျတော့ အစိုးရက ကူညီတာမကြားသေးဘူး။ စေတနာ့ဝန်ထမ်းတွေပဲ ကိုယ့်ရပ်ကွက်နဲ့ကိုယ် စုပေါင်းပြီး သွားရောက်ပြီး အစားအစာ၊ ရေသန့်ဗူးတွေ သွားဝေကြတယ်။”

မော်လမြိုင်-မုတ္တမ ဖြတ်ကူးတဲ့ သံလွင်တံတားကို သောကြာနေ့ အစောပိုင်းမှာ ယာယီပိတ်ခဲ့ရပေမယ့် နောက်ပိုင်း ပြန်ဖွင့်ပေးခဲ့ပါတယ်။ မိုးသည်ထန် ရေလွှမ်းတာကြောင့် မော်လမြိုင်-ရန်ကုန် အဝေးပြေးကားလမ်း တချို့နေရာမှာ လမ်းပိတ်ခဲ့ပြီး သောကြာနေ့ ညနေပိုင်းမှာတော့ လမ်းတခြမ်း ပြန်ဖွင့်ထားပေးတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်အတွင်း ၂ ရက်ဆက်တိုက် မိုးသန်းထန်စွာ ရွာသွန်းပြီး မြေပြိုတာကြောင့် သြဂုတ်လ(၉)ရက် သောကြာနေ့က ပေါင်မြို့နယ်မှာ အနည်းဆုံးလူ (၁၆)ဦးသေဆုံးခဲ့ကြောင်း VOA ကအတည်ပြုနိုင်ခဲ့ပါတယ်။ အလားတူပဲ ရေးမြို့နယ် မန်ကျည်းကျေးရွားမှာလည်း ရေကြီး မြေပြိုတာကြောင့် ကွမ်းခြံမှာ နေထိုင်သူ(၁)ဦး သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းတွေကဖေါ်ပြပါတယ်။ ရေးမြို့ ရန်ကြီးအောင်၊ ရန်မျိုးအောင်၊ သီရိနန္ဒာ ရပ်ကွက်တွေနဲ့ ကျောင်းရွာ၊ ချောင်းတောင်ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ရပြီး၊ ရေဘေးဒုက္ခသည် ၁၄၀၀ လောက်ရှိလာတာကြောင့် ကယ်ဆယ်ရေးစခန်း (၃)ခုဖွင့်ထားရတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်ရေဘေး စိတ်မချရသေး
please wait

No media source currently available

0:00 0:05:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG