Zawgyi/ Unicode
နောက်ဆုံးတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း တစ်ခု ပြည်ထောင်စု လွှတ်တော်တွင်း ရောက်ရှိခဲ့ပါပြီ။ နဂိုက ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က တင်တဲ့ ဥပဒေမူကြမ်း ၅ ခု၊ အင်န်အယ်လ်ဒီ ဦးဆောင်တဲ့ ၄၅ ဦးကော်မတီက ပြုစုတဲ့ ဥပဒေမူကြမ်း ၂ ခု စုစုပေါင်း ၇ ခု လွှတ်တော်ထဲ ရောက်လာရာကနေ အားလုံးကို စုစည်းလိုက်ပြီးနောက် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်း တစ်ခု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေမူကြမ်းမှာ လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုအပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပါ လုပ်မှ ဖြစ်မယ့် ပုဒ်မ ၄၃၆ (က) နဲ့ အကျုံးဝင်တဲ့ အပိုင်းနဲ့ ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံတာနဲ့ ပြင်နိုင်တဲ့ ပုဒ်မ ၄၃၆(ခ) နဲ့ ဆိုင်တဲ့ အပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ လွှတ်တော်ဟာ အပိုင်းနှစ်ပိုင်းကို သီးခြားစီ ခွဲပြီး ဆုံးဖြတ်ချက် ရယူမှာ ဖြစ်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေက သူတို့တင်ထားတဲ့ ဥပဒေကြမ်းတွေကို သီးခြားစီ တစ်ခုစီ လွှတ်တော်တွင်း တင်၊ ဆွေးနွေး၊ ဆုံးဖြတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဥပဒေကြမ်း ပူးပေါင်းကော်မတီတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း အခု နောက်ဆုံး အားလုံးကို ဥပဒေကြမ်း ဆိုတဲ့ ခေါင်းစဉ် တစ်ခုတည်း အောက်မှာ နှစ်ပိုင်းခွဲပြီး ဆွေးနွေး၊ ပုဒ်မ တစ်ခုချင်းစီ၊ တစ်ချက်ခြင်းစီကို ဆန္ဒမဲလက်မှတ်တွေ အသုံးပြုပြီး လျှို့ဝှက် မဲပေးစနစ်နဲ့ မဲခွဲဆုံးဖြတ်သွားတော့မှာ ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘယ်လို အဖြေရလာဒ် ထွက်ပေါ်လာမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်ထဲ ရောက်သွားပြီဖြစ်တဲ့ ဥပဒေမူကြမ်းကို အရင် လေ့လာကြည့်ဖို့ လိုပါတယ်။ ဒီ ဥပဒေမူကြမ်းထဲမှာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က တင်တဲ့ ဥပဒေမူကြမ်း ၅ ခုပါပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ကျောင်းကုန်းအမတ် ဦးသိန်းထွန်း တင်ထားတဲ့ ဥပဒေကြမ်းမှာ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို သမ္မတက ရွေးချယ်ခန့်အပ်တာမျိုး မလုပ်ပဲ သက်ဆိုင်ရာ လွှတ်တော်တွေက ရွေးချယ်ဖို့ ဆိုပြီး ပြင်ထားပါတယ်။ သူနဲ့ အနှစ်သာရခြင်း တူတာက တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်ထားတဲ့ ဥပဒေမူကြမ်းပါ။ အဲဒီမှာတော့ ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်က ရွေးချယ်ရမယ့်အပြင် ရွေးချယ်ခံရတဲ့ ဝန်ကြီးချုပ်နဲ့ လွှတ်တော် ညှိနှိုင်းပြီး သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးဌာနတွေ သတ်မှတ်ဖို့၊ ဝန်ကြီး ရွေးချယ်ဖို့ ပြင်ဆင်ထားပါတယ်။ ပြည်ခိုင်ဖြိုး မိတ္တီလာ အမတ် ဒေါက်တာမောင်သင်း တင်တဲ့ ဥပဒေကြမ်းမှာတော့ သမ္မတ ကို လုပ်ပိုင်ခွင့် နည်းနည်းလျော့ချဖို့ ပြင်ဆင်ထားပါတယ်။ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် တင်တဲ့ ဥပဒေကြမ်းမှာတော့ သမ္မတနဲ့ ဒုသမ္မတ တွေ အရည်အချင်းသတ်မှတ်ရာမှာ ထည့်သွင်းထားတဲ့ ပုဒ်မ ၅၉(စ) လိုမျိုးကို ပြည်ထောင်စု ဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ် အရည်အချင်းတွေမှာ ထည့်သွင်းဖို့ ပြင်ဆင်ထားပါတယ်။
အဲဒီ အချက်ကို ပြင်ဆင်နိုင်ခဲ့ရင်တော့ လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ၊ ဒုသမ္မတ တာဝန် မယူနိုင်ရုံမက၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ် တာဝန်လောက်ကိုတောင် ယူနိုင်တော့မယ့် အခြေအနေ ရှိတော့မှာ မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးအမတ် ဦးစိုင်းသန်းနိုင် တင်ထားတဲ့ ဥပဒေကြမ်းမှာတော့ ကာလုံလို့ ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ရဲ့ အာဏာကို တိုးမြှင့်ပေးဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီ ဥပဒေကြမ်းမှာ ကာလုံကို ၂ လတစ်ကြိမ် ကျင်းပဖို့၊ ကာလုံ အဖွဲ့ဝင် ၅ ယောက်က ခေါ်ခိုင်းရင် အစည်းအဝေး ကျင်းပပေးဖို့၊ လိုအပ်ရင် လွှတ်တော်ကို ဖျက်သိမ်းနိုင်သည်အထိ အကြံပေးခွင့်ရှိဖို့ စတဲ့ အချက်တွေ အဆိုပြုထားပါတယ်။
အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ ၄၅ ဦးကော်မတီက တင်တဲ့ ဥပဒေကြမ်းမှာတော့ အချက်ပေါင်း ၁၁၄ ချက် ပါဝင်ပါတယ်။ အရေးကြီးတဲ့ ပြင်ဆင်မှုတွေ အဖြစ် လာမယ့် တတိယ အကြိမ် လွှတ်တော် သက်တမ်း ကာလကစ တပ်မတော်သား ကိုယ်စားလှယ် ဦးရေကို ၁၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၂၀၃၀ ခုနှစ်အရောက်မှာ ၅ ရာခိုင်နှုန်းအထိ လျော့ချဖို့ အဆိုပြုထားပါတယ်။ ဒါ့အပြင် နိုင်ငံတော်ဇ။် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး နေရာမှာ “ ပြည်သူ့ဆန္ဒနဲ့ အညီ” ဆိုတာ ဖြည့်စွက်ထားပါတယ်။ ကာလုံထဲမှာ တပ်မတော်က ခန့်အပ်တဲ့ နယ်စပ်ရေးရာ ဝန်ကြီးကို နှုတ်ပယ်ပြီး လွှတ်တော် ဒုက္ကဌ နှစ်ယောက်ကို ထည့်သွင်းရင်း ရွေးကောက်ခံပုဂ္ဂိုလ်တွေ ပါဝင်မှု တိုးမြှင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ရေး ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) ကို ပယ်ဖျက်လိုပါတယ်။ ဖွဲ့စည်းပုံပြင်ရေးမှာလည်း လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်နေရာမှာ သုံးပုံနှစ်ပုံကျော် ဆိုပြီး ပုဒ်မ ၄၃၆ ကို ပြင်ဖို့ အဆိုပြုပါတယ်။
ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က တင်တဲ့ ဥပဒေမူကြမ်းနဲ့ အင်န်အယ်လ်ဒီဘက်က တင်တဲ့ ဥပဒေမူကြမ်းတွေကို နှိုင်းယှဉ်ကြည့်ရင် အရှေ့နဲ့ အနောက် တောင်နဲ့မြောက် ၊ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဆန့်ကျင်ဘက် ဝေးကွာနေတာ တွေ့နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က တင်တဲ့ ဥပဒေကြမ်းတွေမှာ ပုဒ်မ ၂၆၁ ဝန်ကြီးချုပ်ခန့်ရေး အချက်ကလွဲရင် ကျန်အချက်တွေဟာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို ပိုပြီး တင်းကြပ်၊ ပိုပြီး ဒီမိုကရေစီ မဆန်တဲ့ဘက် ပြင်ဖို့ ဆန္ဒရှိတာ ပြသနေပါတယ်။ အင်န်အယ်လ်ဒီ ဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံဘက် နီးစပ်လာအောင် ပြင်ချင်တဲ့ သဘော တွေ့ရပါတယ်။ ဒီနေရာမှာ အင်န်အယ်လ်ဒီ ဘက်က ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေကပဲ ရွေးချယ်မယ့်ကိစ္စ တင်ပြထားတာ မတွေ့ရပါဘူး။ အကြောင်းကတော့ အဲဒီ ပြင်ဆင်ချက် ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က တင်တဲ့အထဲ ပါပြီးဖြစ်နေတာကြောင့်လည်း ဖြစ်နေသလို၊ အင်န်အယ်လ်ဒီက တင်ထားတဲ့ လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ် ပါဝင်မှု အချိုးအစားနဲ့ ချိတ်ဆက်လိုတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ အင်န်အယ်လ်ဒီ ဘက်က အဆိုပြုတဲ့ လွှတ်တော်တွင်း တပ်မတော်သား အချိုးအစားကို လွှတ်တော် သက်တမ်း နှစ်အလိုက် လျော့ချရေး ကိစ္စ ပြင်ဆင်ဖို့ မအောင်မြင်ခဲ့ရင် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို တပ်မတော်သားတွေ အပါအဝင် သက်ဆိုင်ရာ လွှတ်တော်တွေကပဲ ရွေးမယ့် အချက်ကိုလည်း သဘောမတူနိုင်ဘူး ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ လက်ရှိ ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ယောက်ရှိပါတယ်။ ပုဒ်မ တစ်ခု၊ ဒါမှမဟုတ် တစ်ချက်ခြင်းစီကို ပြင်ဆင်နိုင်ဖို့ အတွက် အနည်းဆုံး ကိုယ်စားလှယ် ၄၉၁ ယောက် ထောက်ခံဖို့ လိုတယ်လို့ ဥပဒေကြမ်း ပူးပေါင်း စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်တွင်းမှာ ရှင်းပြပါတယ်။ လက်ရှိ ပြည်ထောင်စု လွှတ်တော်မှာ အင်န်အယ်လ်ဒီ က ၃၈၃ ယောက်၊ တပ်မတော်သား ကိုယ်စားလှယ်က ၁၆၆ ယောက် ပြည်ခိုင်ဖြိုး၊ တိုင်းရင်းသားနဲ့ အခြား ပါတီဝင်တွေ စုစုပေါင်း ၁၀၅ ယောက် ရှိနေပါတယ်။ ဒီအရည်အတွက်ကိုကြည့်ရင် အင်န်အယ်လ်ဒီ နဲ့ တပ်မတော် နှစ်ဖက်စလုံးက သဘောတူတဲ့ ပုဒ်မ၊ အချက်တွေလောက်ကိုပဲ ပြင်ဆင်နိုင်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုး၊ တိုင်းရင်းသားနဲ့ အခြားပါတီတွေရဲ့ သဘောထားကတော့ သိပ်ပြီး အရေးမပါလှပါဘူး။
အခြားတစ်ဖက်က ကြည့်ရင်တော့ လွှတ်တော်တွင်းကို တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးက တစ်ဖက်၊ အင်န်အယ်လ်ဒီ က တစ်ဖက် နှစ်ဖက် တင်ပြထားတဲ့ ဥပဒေကြမ်းတွေမှာပါတဲ့ ပြင်ဆင်ချက်တွေထဲက ဘယ် အရေးကြီးတဲ့ အချက်မှာမှ နှစ်ဖက်စလုံး ပြင်ဆင်လိုတဲ့ သဘောထား တူညီနေတာ မတွေ့ရပါဘူး။ ဒါကြောင့် သာမန်အနေနဲ့ အကဲခတ်ရရင် အခု ဥပဒေကြမ်း ပြင်ဆင်ချက်တွေကို လွှတ်တော်တွင်း ဆွေးနွေး၊ မဲခွဲဆုံးဖြတ်သည့်တိုင် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံပြီး ပြင်ဆင်နိုင်မယ့် အချက် တွေ့မြင်ရဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမယ့် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်တဲ့အခါ ရလာတဲ့ ရလာဒ်တွေကိုကြည့်ပြီး ဘယ်အင်အားစုက ဘယ်အချက်ကို ထောက်ခံတယ်၊ ကန့်ကွက်တယ် ဆိုတဲ့ ကိစ္စ ပေါ်ပေါက်လာမှာဖြစ်သလို၊ အင်အားစု အသီးသီးရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တကယ့် သဘောထား အမှန်လည်း ပေါ်ပေါက်လာနိုင်မယ် ဖြစ်ကြောင်းပါ။
----------------