သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ် စစ်ပြေးဒုက္ခသည်အရေး မီးမောင်းထိုးပြနေတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်


Her Excellency Vesna Batistic Kos Ambassador of Croatia to the UN
Her Excellency Vesna Batistic Kos Ambassador of Croatia to the UN
တိုက်ရိုက် လင့်ခ်

Zawgyi/ Unicode

မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိလာစေရေး လူ့အခွင့်အရေးကောင်စီက ဖိအားပေးနိုင်ဖို့ ဒီနှစ်ဆုံးဖြတ်ချက် မူကြမ်းကိုရေးဆွဲခဲ့တာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ခရိုရေးရှား သံအမတ်ကြီးက ဥရောပသမဂ္ဂကိုယ်စား လူ့အခွင့်အရေးကောင်စီညီလာခံမှာ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
အလားတူ မြန်မာ့အရေးဆုံးဖြတ်ချက်ဟာ နိုင်ငံတွင်း ဆိုးရွားနေတဲ့ လူ့အခွင့်အရေးအခြေ အနေတွေ ဖြေရှင်းနိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းမှု ရလာဒ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၄၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံ မှာ တနင်္လာနေ့က မြန်မာ့အရေးဆုံးဖြတ်ချက်ကိုထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေမဲ ၈ မဲတို့နဲ့ တခဲနက် အတည်ပြုခဲ့တာပါ။ ဒီ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး၊ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိရေး ကို တောင်းဆိုထားကြောင်း မူကြမ်းကို ဦးဆောင်ရေးဆွဲခဲ့တဲ့ ဥရောပသမဂ္ဂ ကိုယ်စား ခရိုရေးရှား နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Vesna Batisci Ko က ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ဒါအပြင် ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ အေအေ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အပေါ် အခုလို ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

" မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အခြေအနေတွေကို ကျမတို့ မီးမှောင်ထိုးပြချင်ပါတယ်။ တိုက်ပွဲတွေအရှိန်မြင့်နေတာ၊ အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှုနှုန်း တိုးလာနေတာ၊ နိုင်ငံတကာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေ ချိုးဖောက်နေတာ၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ လူတွေကို နေရပ်ကနေစွန့်ခွာထွက်ပြေးဖို့ အတင်းအကျပ်ပြုလုပ်နေတာစတဲ့ အခြေအနေတွေကို ကျမတို့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်ရပါတယ်။ မြန်မာစစ်တပ်ရော အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့ပါ ရွာတွေကို မီးရှို့တာ၊ အရပ်သားတွေ၊ လူသားချင်းစာနာမှုအကူအညီပေးနေတဲ့ ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်တာ စတဲ့လုပ်ရပ်တွေကို လက်ခံနိုင်စရာ လုံးဝမရှိပါဘူး။ မြန်မာမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံး ချွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး အကောင်အထည်ဖေါ်ဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ရေး အခိုင်အမာဆောင်ရွက်ဖို့ ကျမတို့ တိုက်တွန်းပါတယ်။"

အခုလို ဥရောပသမဂ္ဂက ဦးဆောင်ရေးဆွဲခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Shameem Ahsan ရဲ့ တုန့်ပြန်ချက်ကတော့-

" မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ အခြားတိုင်းရင်းသားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေကို ဖြေရှင်းဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ခိုင်မာပြီး စဉ်ဆက်မပြတ် ဆုံးဖြတ်ချက်ကို ပြသရာ ရောက်ပါတယ်။"

ဒါအပြင် ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ကိစ္စ သုံးနှစ်နီးပါးရှိလာပေမယ့် တိုးတက်မှုလုံးဝမရှိသေးဘူးလို့လည်း ထောက်ပြခဲ့ပါတယ်။ ဒါအပြင် ICJ ကုလသမဂတရားရုံးမှာ အိုအိုင်စီကိုယ်စား ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ကိစ္စ၊ ရိုဟင်ဂျာတွေကို အတင်းအကျပ်မောင်းထုတ်မှုကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးနေတာ၊ နောက် မြန်မာခေါင်းဆောင်တွေကို တရားစွဲထားတဲ့အမှုကို အာဂျင်တီးနား တရားရုံးချုပ်က စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်လာတာ စတာတွေကိုလည်း ဘင်္ဂလားဒေ့ရှ်အနေနဲ့ ထောက်ခံကြောင်း သံအမတ်ကြီး Shameem Ahsan က ညီလာခံမှာ ပြောသွားပါတယ်။


ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေးကောင်စီရဲ့ ဒီနှစ်ဆုံးဖြတ်ချက်ကို လက်မခံကြောင်း ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တုန့်ပြန်ပြောကြားခဲ့ပါတယ်။

----------------------








XS
SM
MD
LG