ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီး သီတင်း ၃ ပတ်ကျော်အကြာ ဖေဖေါ်ဝါရီ ၂၅ ည ပိုင်း မြန်မာ့ရုပ်သံ သတင်းနဲ့ ဖေဖေါ်ဝါရီ ၂၆ အစိုးရပိုင် သတင်းတွေရဲ့ ဖော်ပြချက်မှာ သတင်းစာ၊ ဂျာနယ်တွေကို ခြိမ်းခြောက်ရာရောက်တဲ့ ထုတ်ပြန်ချက် တစ်ခု ဖော်ပြလာတာ တွေ့ရပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို အာဏာသိမ်း အစိုးရ၊ အာဏာသိမ်း စစ်ကောင်စီ ဆိုပြီး မမှန်မကန် ရေးသားဖော်ပြနေကြတဲ့ အကြောင်း၊ အဲလို သုံးနှုန်းဖော်ပြခြင်း မပြုဖို့ ပြန်ကြားရေး ဝန်ကြီးဌာနကနေ သတင်းမီဒီယာ ကောင်စီ အပါအဝင် ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ်တွေကို အကြောင်းကြားစာ ၃ ကြိမ် ပေးပို့ခဲ့ပြီဖြစ်တဲ့အကြောင်း၊ ဒါပေမယ့် တစ်ချို့ သတင်းစာ၊ ဂျာနယ်တွေဟာ အာဏာသိမ်း အစိုးရ၊ အာဏာသိမ်း စစ်ကောင်စီ ဆိုပြီး ဆက်လက် ရေးသားဖော်ပြနေကြတဲ့ အပြင် လူထု ဆူပူအုံကြွမှု ဖြစ်စေအောင်လည်း ရေးသားဖော်ပြနေကြကြောင်း၊ တကယ်လို့ အဲလို ဆက်ပြီး ရေးသားဖော်ပြကြမယ် ဆိုရင် တည်ဆဲ ဥပဒေနဲ့အညီ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနကနေ သတင်းစာ၊ ဂျာနယ်တိုက်တွေကို အကြောင်းကြားတဲ့ စာတွေမှာတော့ ထုတ်ဝေခွင့် ပိတ်သိမ်းသည် အထိ အရေးယူမယ့်အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပွဲပြီးနောက် သတင်းမီဒီယာ အခြေအနေ ဘယ်လို ရှိနေပါသလဲ၊ ရှေ့မှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတဲ့ကိစ္စ လေ့လာ တင်ပြသွားပါ့မယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ဟာ ဖေဖော်ဝါရီ ၁ ရက် မိုးမလင်းခင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတစ်ဝှမ်းက အစိုးရ၊ လွှတ်တော် တာဝန်ရှိသူတွေ အပါအဝင် လူအများအပြားကို တစ်ပြိုင်နက်တည်း ဖမ်းဆီးပါတယ်။ အဲဒီလို ဖမ်းဆီးတာနဲ့ တစ်ပြိုင်နက်တည်း လုပ်တာကတော့ ရုပ်သံဌာနတွေကို ဝင်ရောက် စီးနင်း ထိန်းချုပ် လိုက်တာပါပဲ။ အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား သတင်းဌာန အဆောက်အဦတွေ၊ ပုဂ္ဂလိကပိုင် စကိုင်းနက်နဲ့ MRTV-4 ရုပ်သံဝင်းတွေ အားလုံးကို တပ်မတော်က ဝင်ရောက် စီးနင်း ထိန်းချုပ်လိုက်တာပါ။ အဲလို ထိန်းချုပ်လိုက်တဲ့အတွက် အာဏာသိမ်းပြီးပြီးချင်း နေ့မှာ မြန်မာ့ရုပ်သံ ချယ်နယ်လိုင်းတွေ အပါအဝင် ပုဂ္ဂလိက Free to Air ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေ အားလုံး ရပ်ဆိုင်းကုန်ပါတယ်။ နောက်ရက်မှာတော့ မြန်မာ့ရုပ်သံကနေ တပ်မတော်ပိုင် မြဝတီ ရုပ်သံ သတင်းဖော်ပြချက်တွေ ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်း တပ်မတော်ဘက်က ပေးတဲ့ သတင်းတွေ ကိုယ့်ဖာသာကိုယ် ရိုက်ကူးထုတ်လွှင့်၊ အခြား အစီအစဉ်တွေထဲက ဖျော်ဖြေရေး သက်သက်တွေ၊ အရင် အစိုးရနဲ့ မသက်ဆိုင်တာတွေကို စိစစ်ရွေးချယ် ထုတ်လွှင့်စေတာ တွေ့ရပါတယ်။ အခုနောက်ဆုံးမှာတော့ မြန်မာ့ရုပ်သံဟာ အာဏာသိမ်း စစ်ကောင်စီက လုံး၀ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားပါပြီ။
အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ ခွင့်ပြုထားခဲ့တဲ့ Free to Air ဒီဂျစ်တယ် ရုပ်သံလိုင်း ၅ လိုင်းရှိတဲ့အထဲ ဖျော်ဖြေရေးကိုပဲ အဓိက အသားပေး ထုတ်လွှင့်တင်ဆက်တဲ့ YTV, Channel-K, Fortune TV ချယ်နယ် ၃ ခုကတော့ နောက်ပိုင်း ပြန်ပြီး ထုတ်လွှင့်ခွင့်ရပါတယ်။ သတင်းကို အဓိကထား တင်ဆက်တဲ့ DVB နဲ့ Mizzima ချယ်နယ်တွေကိုတော့ လုံး၀ ထုတ်လွှင့်ခွင့် မပေးတော့ပါဘူး။
ပုဂ္ဂလိက ရုပ်သံအုပ်စုတွေ ပိုင်ဆိုင်တဲ့ စကိုင်းနက်နဲ့ MRTV-4 ချယ်နယ်လိုင်းတွေကို နောက်ပိုင်း ပြန်ပြီး ထုတ်လွှင့်ခွင့် ပေးပါတယ်။ MRTV-4 အုပ်စုကတော့ ပုံမှန် သတင်းထုတ်လွှင့်တာကို ရပ်ဆိုင်းပြီး ဖျော်ဖြေရေး အစီအစဉ်တွေကို ပြန်စိစစ်ပြီးမှ ထုတ်လွှင့်ပါတယ်။ ထုတ်လွှင့်ဖို့ ပိတ်ပင်ခံလိုက်ရတဲ့ အထဲမှာ “ဆန်းကျယ်သော ကံကြမ္မာ” လို့နာမည်ရတဲ့ ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲတောင် ပါဝင်ခဲ့ပါတယ်။ ပြည်သူတွေက ချစ်ခင်တဲ့ ဒုံရီလို့ ခေါ်တဲ့ မင်းသမီး တစ်ပါးဇာတ်ကြောင်းကို အခြေပြုထားတဲ့ အဲဒီ နန်းတွင်း ဇာတ်လမ်းတွဲဟာ လက်ရှိ အာဏာသိမ်း အခြေအနေကို ထင်ဟပ်နိုင်တယ်လို့ ယူဆပြီး ပိတ်ပင်ပြစ်တာ ဖြစ်နိုင်ပါတယ်။ စကိုင်းနက် သတင်းဌာနကတော့ သူ့ရဲ့ ဂြိုလ်တုစလောင်း လိုင်းပေါင်းများစွာထဲက CNN, BBC World အပါအဝင် နိုင်ငံတကာ သတင်းဌာနတွေရဲ့ ချယ်နယ်တွေ ထုတ်လွှင့်မှုကို ရပ်ဆိုင်းလိုက်တာ တွေ့ရပါတယ်။
အာဏာသိမ်းပြီးနောက် ထုတ်လွှင့်ခွင့် ရပ်ဆိုင်းခံထားရတဲ့ မန္တလေး FM အပါအဝင် ပုဂ္ဂလိက ရေဒီယိုလိုင်း တစ်ချို့လည်း နောက်ပိုင်း ပြန်ပြီး ထုတ်လွှင့်ခွင့်ရတာ တွေ့ရပါတယ်။ ဒါပေမယ့် သတင်းတွေ၊ ရေဒီယို အစီအစဉ်တွေ မပါဝင်တော့ပဲ သီချင်းတွေကိုပဲ ထုတ်လွှင့်တာ ကြားကြရပါတယ်။
ဒီ အခြေအနေတွေကိုကြည့်ရင် အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ မြန်မာနိုင်ငံမှာ ထုတ်လွှင့်နေတဲ့ ရုပ်သံနဲ့ ရေဒီယိုလိုင်း အားလုံးကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တာကို တွေ့နိုင်ပါတယ်။ ရုပ်သံနဲ့ ရေဒီယိုမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် လုံး၀ တွေ့မြင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါတင်မက မြန်မာနိုင်ငံက သတင်းမီဒီယာ အားလုံးနီးပါး နဲ့ မြန်မာဘာသာ နဲ့ ထုတ်လွှင့်တဲ့ နိုင်ငံခြား သတင်းဌာနတွေ အခြေပြုရာ ပက်လက်ဖောင်းကြီး တစ်ခုဖြစ်တဲ့ Facebook စာမျက်နှာကိုလည်း ပိတ်ပင်လာတာ တွေ့ကြရပါတယ်။ မြန်မာပြည်သူတွေ အတွက် Facebook စာမျက်နှာဟာ သတင်းမီဒီယာတွေ ဖတ်ရှုရာ ပက်လက်ဖောင်းတင်မက အချင်းချင်း ဆက်သွယ်တဲ့ လူမှုကွန်ယက် အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာ ဖြစ်လေတော့ VPN လို APP မျိုးကို ကြားခံပြီး Facebook ကို မရ၊ အရ သုံးကြတာ တွေ့ကြရပါတယ်။ အာဏာပိုင်တွေ အနေနဲ့ Facebook ကို လုံး၀ ကြည့်မရအောင်၊ သုံးမရအောင် ပိတ်ပင်တာမျိုး လုပ်လို့ မရပေမယ့် ကြီးမားတဲ့ သတင်းမီဒီယာ ဖိနှိပ်မှု အဖြစ်တော့ မှတ်တမ်း ကျန်ရစ်မှာ ဖြစ်ပါတယ်။
ရုပ်သံ၊ ရေဒီယိုတွေကို လုံး၀ ထိန်းချုပ်လို့ ပြီးသွားတဲ့အခါ အခုနောက်ဆုံး အာဏာပိုင်တွေဟာ သတင်းစာ၊ ဂျာနယ် စတဲ့ ပုံနှိပ်မီဒီယာတွေဖက်ကို လှည့်လာတာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပွဲ ဖြစ်ပွားပြီး နောက်တစ်နေ့ကစ ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေဟာ စစ်အာဏာသိမ်းမှု အဖြစ် ရဲရဲတင်းတင်း ဖော်ပြကြတာကို တွေ့မြင်ကြရပါတယ်။ နောက်ပိုင်းလည်း သတင်းတွေကို လွတ်လပ်ခွင့် အပြည့်ယူပြီး ဖော်ပြကြတာကို နေ့စဉ်ရက်ဆက် တွေ့မြင်ကြရပါတယ်။ အာဏာပိုင်တွေဘက်က ထုတ်ဝေခွင့် ပိတ်သိမ်းမယ်၊ ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်နေချိန်အထိ ပုဂ္ဂလိက သတင်းစာနဲ့ ဂျာနယ်တွေဟာ ဒီကနေ့ အချိန်ထိ အကြောက်အရွံ့ မရှိပဲ ဖော်ပြနေကြဆဲပါ။ ဒါတင်မက အာဏာပိုင်တွေရဲ့ အာဏာသိမ်းအစိုးရ၊ အာဏာသိမ်း စစ်ကောင်စီလို့ မခေါ်ပါနဲ့ ဆိုပြီး ညွှန်ကြားလာတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ၊ သတင်းမီဒီယာ ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူး၊ ဒါကြောင့် လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အနေနဲ့ ကိုယ်ဖော်ပြတဲ့ အကြောင်းအရာနဲ့ အသုံးအနှုန်းတွေကို သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ လွတ်လွတ်လပ်လပ်ပဲ ဆက်ပြီး ရေးသားဖော်ကြမယ်လို့ ပြည်တွင်း သတင်းမီဒီယာ ၄၀ ကျော်က စုပေါင်း သတင်းထုတ်ပြန်ခဲ့ကြတာကိုလည်း တွေ့ကြရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အာဏာသိမ်းစစ်ကောင်စီ ဘက်ကတော့ ခုလို ပုံနှိပ်နဲ့ အွန်လိုင်း မီဒီယာတွေရဲ့ လွတ်လပ်စွာ ရေးသား ထုတ်လွှင့်နေကြတာကို သိပ်ပြီးကြာကြာ သီးခံနေမယ့် အခြေအနေ မတွေ့မမြင်ကြရပါဘူး။ သိပ်မကြာခင် သူတို့ ပြောသလို အရေးယူမှုတွေ ဆောင်ရွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီ အခြေအနေတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် အာဏာသိမ်း စစ်ကောင်စီဟာ သတင်းမီဒီယာတွေနဲ့ ပက်လက်ဖောင်းတွေကို အပြည့်အ၀ ထိန်းချုပ်လိုပုံရပြီး ၂၀၁၀ ခုနှစ် ရှေ့ပိုင်း စစ်အာဏာရှင်တွေ လက်ထက်က အတိုင်း မီဒီယာ လွတ်လပ်ခွင့် ကင်းမဲ့ပြီး သတင်းအမှောင်ချတဲ့ ခေတ်တစ်ခေတ်ကို ပြန်ပြီး ခေါ်ဆောင်သွားဖို့ ကြိုးစားနေတာကို တွေ့မြင်နေရပါကြောင်း တင်ပြလိုက်ရပါတယ်။
------------------------------------