(Zawgyi/Unicode)
ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် ထိုင်းနိုင်ငံထဲကို ကရင်ဒုက္ခသည် ထောင်နဲ့ချီ ထွက်ပြေးလာနေကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ အတည်ပြု ပြောပါတယ်။
“မနေ့က တရက်တည်းမှာတင် မြန်မာနိုင်ငံဘက်ခြမ်းကနေ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်ထဲ ထွက်ပြေးလာသူ ၂,၂၆၇ ယောက် ရှိပါတယ်။ နယ်စပ်အနီးမှာ မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကြား မနေ့က ညနေအစောပိုင်းကဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်" လို့ ထိုင်းနိုင်ငံခြားရေးဌာ ပြောခွင့်ရ Tanee Sangrat က ပြောသွားတာပါ။
ဒီလို ထွက်ပြေးလာသူတွေအတွက် လိုအပ်တဲ့ ဆေးဝါးကုသမှုအပါအဝင် လူသားချင်း စာနာကူညီထောက်ပံ့မှုတွေကို ထိုင်းနိုင်ငံက ပေးနေပါတယ်လို့လည်း ပြောခွင့်ရ Tanee Sangrat က ပြောပါတယ်။ ခုလို ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြသူတွေ ရှိသလို သံလွင်မြစ်တဘက်ကမ်း မြန်မာနိုင်ငံဘက်ခြမ်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေကလည်း နောက်ထပ် ထောင်နဲ့ချီ ရှိနေတယ်လို့ ကရင်ငြိမ်းချမ်းရေးဆိုင်ရာ အဖွဲ့တခုဖြစ်တဲ့ Karen Peace Support Network ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေတာဖြစ်ပြီး ဒီတိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူ ၅၆,၀၀၀ လောက်ရှိတယ်လို့ ကုလသမဂ္ဂကလည်း ဒီကနေ့ပဲ ထပ်မံ ပြောဆိုထားပါတယ်။
ကချင်နဲ့ ရှမ်းပြည်နယ်တွေဘက်မှာလည်း မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အတွက် နိုင်ငံအနှံ့မှာ လူပေါင်းထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
(Unicode)