မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် စတုတ္ထလေးလပတ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၁ ခုနှစ် ဒုတိယလေးလပတ်အတွင်း အလုပ်အကိုင်အရေအတွက် ၁.၂ သန်း ဆုံးရှုံးသွားခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ကပြောပါတယ်။
ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းခဲ့ချိန်ကတည်းကဆိုရင် အလုပ်အကိုင်ဈေးကွက် သိသိသာသာ ထိခိုက်ကျဆင်းနေတယ်ဆိုတာ ဒီအချက်ကပြနေတယ်လို့ ILO ရဲ့ တနင်္လာနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ အလုပ်လုပ်ချိန်နာရီပေါင်း ခန့်မှန်းခြေအားဖြင့် ၁၄% ဆုံးရှုံးခဲ့ပြီး ဒါဟာ အချိန်ပြည့်လုပ်သားအရေအတွက် အနည်းဆုံး ၂.၂ သန်းနဲ့ ညီမ ျှတယ်လို့ ILO ကပြောပါတယ်။
အလုပ်ချိန်နာရီနဲ့ အလုပ်အကိုင် ဆုံးရှုံးမှုမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး ထိခိုက်မယ်လို့လည်း ILO က ခန့်မှန်းပါတယ်။
ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Donglin Li က "မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းမှုဟာ COVID-19 ကပ်ရောဂါရဲ့ ခြိမ်းခြောက်မှုကို ခံစားနေရတာနဲ့အတူ စီးပွားရေးကျဆင်းမှုဒဏ်ကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံက လူအများအပြား ဆင်းရဲတွင်း ပိုနက်သွားစေနိုင်တဲ့ပမာဏနဲ့ ဒီနှစ် ပထမနှစ်ဝက်အတွင်း အလုပ်အကိုင်ကဏ္ဍ ဆိုးဆိုးရွားရွားနဲ့ အလျင်အမြန် ယိုယွင်းကျဆင်းလာတာကို အခုခန့်မှန်းချက်က ပြနေပါတယ်" လို့ပြောပါတယ်။
ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားနဲ့ အပန်းဖြေလုပ်ငန်းတွေမှာ အပြင်းထန်ဆုံး ထိခိုက်မှုနဲ့အတူ စီးပွားရေးကဏ္ဍအားလုံး ဒဏ်ခံနေရပြီလို့ ILO ကပြောပါတယ်။
၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွင်း ဆောက်လုပ်ရေးကဏ္ဍမှာ ၃၅%၊ အထည်ချုပ်လုပ်ငန်းမှာ ၃၁% နဲ့ ခရီးသွားနဲ့အပန်းဖြေလုပ်ငန်းမှာ ၂၅% အလုပ်အကိုင်အရေအတွက် အသီးသီးကျဆင်းခဲ့ပါတယ်။ အလုပ်ချိန်နာရီ ဆုံးရှုံးမှုက ပိုတောင်မှ များနိုင်တယ်လို့ ILO က ခန့်မှန်းပါတယ်။
++