သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် ၂၀၂၀ ဟာ အဆိုးဆုံးရေကြောင်းခရီးသွားနှစ်အဖြစ် ကုလမှတ်တမ်းတင် 


Bangladeshi villagers help two elderly Rohingya women from a boat after crossing a canal at Shah Porir Deep, in Teknak, Bangladesh, Aug. 31, 2017.
Bangladeshi villagers help two elderly Rohingya women from a boat after crossing a canal at Shah Porir Deep, in Teknak, Bangladesh, Aug. 31, 2017.

အမျိုးသမီးနဲ့ ကလေးတွေ အများစု အပါအဝင် ရေကြောင်းကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့နှစ်ဟာ အဆိုးဆုံးနှစ်တနှစ် ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေကို ဖြတ်သန်းပြီး ရေကြောင်းခရီး သွားခဲ့ကြသူတွေအတွက် ၂၀၂၀ ပြည့်နှစ်ဟာ အသေအပျောက်အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။

ပြီးခဲ့တဲ့နှစ်ထဲ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ရာက အရှေ့တောင်အာရှ ဒေသနိုင်ငံတွေကို ဝင်ခွင့်မရပဲ ပင်လယ်ပြင်မှာ အခက်ကြုံကြရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၂၀၁၅ ခုနှစ်တုန်းက လှေစီးပြေးဒုက္ခသည်အရေး ကြုံခဲ့ရပြီးနောက်ပိုင်း အဆိုးဆုံး ဖြစ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ အန္တရာယ်များလှတဲ့ ပင်လယ်ရေကြောင်းခရီးကို ဖြတ်သန်းကြသူတွေထဲမှာ ၃ ပုံ ၂ ပုံလောက်ဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်ထဲ ရေကြောင်းခရီးသွားကြတဲ့ ဒုက္ခသည်တွေအဖြစ် အချက်အလက် စုဆောင်းရရှိထားသူ ၂,၄၁၃ ယောက် ရှိခဲ့ပြီး၊ ဒီအထဲက ၂၁၈ ယောက်ဟာလည်း ပင်လယ်ပြင်မှာ သေဆုံး၊ ဒါမှမဟုတ် ပျောက်ဆုံးခဲ့တာကြောင့် ဒီအရင် ၂၀၁၉ ခုနှစ်ကထက် ၈ ဆလောက် ပိုများခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ အန္တရာယ်များတဲ့ ရေကြောင်းခရီးကနေ ရိုဟင်ဂျာတွေ ထွက်ပြေးကြရတဲ့ အကြောင်းရင်းဟာ မြန်မာနိုင်ငံမှာ နိုင်ငံသားအခွင့်အရေး အပါအဝင် အခြေခံရပိုင်ခွင့်တွေ ဆုံးရှုံးနေတာက အဓိကအကြောင်းရင်း ဖြစ်ကြောင်းလည်း UNHCR က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတချို့ကို ARSA ရိုဟင်ဂျာ အစွန်းရောက်တွေက ၂၀၁၇ ခုနှစ်တုန်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတာပါ။ မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပါတယ်။

ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။

---------------------







XS
SM
MD
LG