သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်နဲ့ချီတဲ့ ထိုင်းနိုင်ငံသားတွေ ယူကရိန်းဘက်က ဝင်တိုက်ဖို့ စာရင်းပေး


Ukraine Embassy in Thailand
Ukraine Embassy in Thailand

[[ ZAWGYI ]]

ထောင်နဲ့ချီတဲ့ ထိုင်းနိုင်ငံသားတွေ ယူကရိန်းဘက်က ဝင်တိုက်ဖို့ စာရင်းပေး

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ ယူကရိန်းဘက်ကနေ ဝင်ရောက်ကူညီပြီး တိုက်ပေးဖို့ ထိုင်းဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတချို့က စာရင်းပေးသွင်းလိုက်ပါတယ်။ ထိုင်းနိုင်ငံက ယူကရိန်းသံရုံးမှာ စစ်သားသစ်အဖြစ် သွားရောက် စာရင်းပေးခဲ့ကြတာဖြစ်ပါတယ်။ ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီးတော့ ကိုရန်နိုင်က ပြောပြမှာဖြစ်ပါတယ်။

ရုရှားက ယူကရိန်းအပေါ် စစ်ရေးအရ ကျူးကျော်တိုက်ခိုက်တာကို ကမ္ဘာတဝန်းက ဆန့်ကျင်ရှုတ်ချနေချိန်မှာပဲ၊ ထိုင်းနိုင်ငံမှာတော့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကြား ယူကရိန်းဘက်က ကူပြီးတော့ ဝင်တိုက်ပေးဖို့ စာရင်းပေးသွင်းလာသူတွေရှိနေပါတယ်။

ထိုင်းလေတပ်က တပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ Chanaphong Phongpai ကတော့ အခုယူကရိန်းအရေးဟာ ထိုင်းနိုင်ငံမှာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရ ဆန့်ကျင်တဲ့ ဒီမိုကရေစီလူပ်ရှားမူမှာ ပါဝင်တဲ့သူတွေအတွက် အလိုအလျှောက် ဝင်ကူသင့်တာဖြစ်တဲ့အတွက် အခုလို ယူကရိန်းဘက်က ဝင်တိုက်ပေးဖို့ စာရင်းပေးသွင်းလိုက်တာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

" ကျနော်နိုင်ငံက ဒီမိုကရေစီတောင်းဆိုတဲ့ လူထုလှုပ်ရှားမှုတွေ ကျနော်ပါဝင်ပြီးတော့ အာဏာရှင်အစိုးရကို ဆန့်ကျင်ခဲ့တယ်၊ ယူကရိန်းပြည်သူတွေဟာလည်း ဒီမိုကရေစီအတွက် တိုက်ပွဲနေတာဖြစ်ပြီး၊ အခုဆိုရင် သူတို့ဟာ ကမ္ဘာ့အင်အားကြီး အာဏာရှင်နိုင်ငံတခုက ကျူးကျော်တိုက်ခိုက်တာကို ခံနေရပါတယ်။ ဒါကြောင့် ကျနော်အနေနဲ့ သူတို့အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်ခဲ့ပြီး အခုလို လာလျှောက်တာ ဖြစ်ပါတယ်။ "

ဒါ့အပြင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုအတွင်း အခုယူကရိန်းပြည်သူတွေပါ တိုက်ခိုက်ခံရတာတွေ ရှိနေပြီး၊ အဲဒီအတွက် တကယ့်ကို စိတ်မကောင်းဖြစ်မိတယ်လို့ အသက် ၂၈ နှစ် အရွယ် Chanaphong က ရိုက်တာစ် သတင်းဌာနကို မနေ့က ပြောခဲ့ပါတယ်။

"ကျနော်အတွက်ကတော့၊ ဒါက ယူကရိန်းပြည်သူတွေအတွက် မတရားဘူးလို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ခိုက်မှုတွေက စစ်စခန်းတွေကိုပဲ တိုက်တာမဟုတ်ဘဲ၊ ဆေးရုံတွေ၊ မူကြိုကျောင်းတွေ နဲ့ အရပ်သားတွေနေတဲ့ နေရာတွေကိုပါတိုက်တာဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ ကျနော်သွားပြီးတော့ အကူအညီပေးချင်တာပါ။ သေမှာ မကြောက်ဘူးလားလို့ ခင်ဗျားက ကျနော်ကို မေးရင်တော့ ၊ ကြောက်တယ်လို့ ပြောရမှာပဲ။ "

Chanaphong နဲ့ သူငယ်ချင်း ၅ ယောက်ဟာ ဘန်ကောက်မြို့က ယူကရိန်းသံရုံးကို သွားပြီးတော့ ဗုဒ္ဓဟူးနေ့က စာရင်း ပေးသွင်းခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ အခုတပတ်အတွင်း တရက်ထဲမှာကို အခုလို ယူကရိန်းမှာ စစ်ဝင်တိုက်ပေးချင်တဲ့ ထိုင်းနိုင်ငံသား ၂၀၀၀ ကျော် နာမည်စာရင်းကို အင်တာနက်ကနေ စုဆောင်းရရှိထားပြီးပြီလို့လည်း ဒီအင်တာနက်ကနေ စုဆောင်းရေး အဖွဲ့ကလည်း ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘန်ကောက်မှာရှိတဲ့ ယူကရိန်းသံရုံးကတော့ တစုံတရာ သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။

အမည်မဖော်လိုတဲ့ ဘန်ကောက်က ယူကရိန်းသံရုံး အရာရှိတစ်ဦးကတော့ အခုလို စစ်ဝင်တိုက်ပေးလိုသူတွေ အနေနဲ့ စစ်သင်တန်းတက်ထားကြောင်းနဲ့ ပစ်မူကျုးလွန်ခြင်းမရှိကြောင်း အထောက်အထားတွေနဲ့အတူ Email ကနေ လျှောက်ထားဖို့ အကြောင်းပြန်လိုက်တယ်လို့ ဆိုပါတယ်။ ယူကရိန်းပြည်သူတွေနဲ့ သူတို့လို ထိုင်းဒီမိုကရေစီရေး လှုပ်ရှားသူတွေကြားမှာ အတွေးအခေါ်ခံယူချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း Chanaphong က အခုလို ပြောပါတယ်။

"ကျနော်တို့ ဒီမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေပြီး၊ သူတို့ကလည်း ယူကရိန်းမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေပါတယ်။ အဲဒီတော့ ကျနော်တို့တွေဟာ သူငယ်ချင်း မိတ်ဆွေတွေလိုပါပဲ၊ ဒါက ခံစားချက်လည်းတူတယ်၊ အတွေးအခေါ်သဘောတရားလည်း တူပါတယ်။ "

Chanaphong ဟာ ထိုင်းနိုင်ငံရဲ့ စစ်မှုမထမ်းမနေရဥပဒေအရ ထိုင်းစစ်တပ်မှာ တာဝန်ထမ်းပြီးတဲ့နောက် အခုအခါမှာ ပုဂ္ဂလိက လုံခြုံရေး အကြံပေးအဖြစ် နဲ့အလုပ်လုပ်နေတာဖြစ်ပါတယ်။ ထိုင်းလေတပ်မှာ ၂ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံတွေက ၊ ယူကရိန်းမှာ ကောင်းကောင်း အထောက်အကူပေးနိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် မကြာသေးခင်က ထိုင်းအဓိကရုဏ်းနှိမ်နှင်းရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ အတွေ့အကြုံတွေကလည်း အသုံးဝင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းအစိုးရ ပြောခွင့်ရ Ratchada Thanadirek ကတော့ ၊ ထိုင်းနိုင်ငံမှာ သူတို့ရဲ့ နိုင်ငံသားတွေအနေနဲ့ ပြည်ပက တပ်ဖွဲ့တွေမှာ ပါဝင်ပြီးတော့ မတိုက်ရဘူးလို့ တားမြစ်ထားတဲ့ ဥပဒေမရှိဘူးလို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ရုရှားတပ်တွေက ယူကရိန်းကို လက်နက်ကြီးတွေ ပစ်နေတာကြောင့် ထိုင်းနိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ ရင်ဆိုင် ကြုံတွေ့လာရနိုင်တဲ့ အန္တရာယ်ကိုလည်း ထည့်စဉ်းစား သင့်တယ်လို့ ပြောလိုက်ပါတယ်။

ယူကရိန်းဘက်က သူတို့ကို လက်ခံမယ်၊ လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့်၊ သူတို့ဘက်ကတော့ ပြင်ဆင်မှုတွေကို စတင်လုပ်ဆောင်နေကြပြီဖြစ်ပြီး၊ ယူကရိန်းပြည်သူတွေကိုလည်း အခုလို ပြောကြားလိုက်ပါတယ်။

"ကျနော်အနေနဲ့ ယူကရိန်းပြည်သူတွေကို ပြောချင်တာကတော့ ဒီစစ်ပွဲမှာ ခင်ဗျားတို့ချည်း သက်သက်မဟုတ်ဘဲ၊ လူအတော်များများက ခင်ဗျားတို့ကို ကူညီချင်ကြတယ်ဆိုတာပါ။ အားမလျှော့ပါနဲ့ ကမ္ဘာကြီးက ခင်ဗျားတို့ကို ပစ်ထားတယ်လို့လည်း မထင်ပါနဲ့။ ကျနော်တို့က စူပါပါဝါ အင်အားကြီးနိုင်ငံ မဟုတ်ပေမယ့်လည်း၊ ကျနော်တို့အားလုံးအတူပူးပေါင်းနိုင်ရင်တော့ ခင်ဗျားတို့ကို ကူညီဖို့အတွက် အလင်းရောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ ခင်ဗျားတို့ကို ကူညီဖို့အတွက် လုပ်နေပြီဖြစ်တယ်လို့ ခဏလောက် စောင့်ပေးပါ။ "

ကုလသမဂ္ဂ အထွေထွေညီလာခံက ရုရှားက ယူကရိန်းကိုကျူးကျော် တိုက်ခိုက်တဲ့ အပေါ်ပြတ်ပြတ်သားသား ရှုတ်ချလိုက်ပြီး၊ ရုရှားတပ်တွေချက်ခြင်း အပြည့်အဝပြန်လည်ရုတ်သိမ်းဖို့ ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ကြေညာခဲ့ပါတယ်။ ဒီအဆိုပြုချက်ကို နိုင်ငံပေါင်း ၁၄၁ နိုင်ငံက ထောက်ခံခဲ့ကြပြီး၊ ဒီထဲမှာ ထိုင်းနိုင်ငံလည်း ပါဝင်တာဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

=====================

{{ UNICODE }}

















XS
SM
MD
LG