သမ္မတ ပူတင် ရဲ့ အသင်းအဝိုင်း ရုရှား စီးပွါးရေး လုပ်ငန်းရှင်တွေ အပေါ် Australia နိုင်ငံ က အမေရိကန်၊ ဗြိတိန်တို့ နဲ့ အလားတူ ပိတ်ဆို့ အရေးယူလိုက်ပါတယ်။ အဲဒီ လုပ်ငန်းရှင်အများစုက ဂျူးတွေဖြစ်ကြတာမို့ အစ္စရေးနိုင်ငံ အတွက်တော့ အရေးယူရ အခက် ပြဿနာ တက်နေပါတယ်။
အဲဒီလို အရေးယူလိုက်တဲ့ လုပ်ငန်းရှင် ၃၀ ထဲမှာ အင်္ဂလန် ချယ်ဆီး ဘော်လုံးအသင်း ပိုင်ရှင် Roman Abramovich လည်း ပါဝင်ပါတယ်။ ၂၀၁၄ ခုနှစ် ယူကရိန်း ကို တရားမဝင် တိုက်ခိုက်ပြီးကတည်း ဒီ လုပ်ငန်းရှင် တော်တော်များများ ဟာ အဲဒီလို ရုရှား ရဲ့ လုပ်ရပ် ကနေ အကျိုးအမြတ် ရခဲ့တယ် ဒါမှမဟုတ် အဲဒီ လုပ်ရပ်တွေ ကို ကူညီခဲ့ကြတယ်လို့ Australia နိုင်ငံခြားရေး ဝန်ကြီး Marise Payne က ဆိုပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေ အတွက် ဒုံးကျည်တွေ နဲ့ လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ Australia နိုင်ငံက ဒေါ်လာသန်း ၅၀ အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီ ရုရှား ဂျူး လုပ်ငန်းရှင်အတော်များများက အစ္စရေး နိုင်ငံသား ဒါမှမဟုတ် အမြဲတမ်း နေထိုင်ခွင့် ကို မကြာမီနှစ်တွေအတွင်းက ရယူထားကြတယ်လို့ ယူဆကြပါတယ်။ အနောက်နိုင်ငံတွေ က သူတို့ အပေါ် ပိတ်ဆို့ အရေးယူထားတာ နဲ့လည်း ကဏ္ဍကောစ မဖြစ်စေဘဲ၊ အစ္စရေး မှာ ရနေတဲ့ သူတို့ရဲ့ လက်ရှိ အနေအထား ကိုလည်း ဘယ်လို ထိန်းပေးနိုင်မလဲ ဆိုတာ ကို စဉ်းစား အကြံပြုဖို့ အဆင့်မြင့် ကော်မီတီတစ်ရပ် ကို အစ္စရေး အစိုးရ က ဖွဲ့စည်းလိုက်ပါတယ်။ ပဋိပက္ခ ပြင်းထန်လာတာနဲ့အမျှ အစ္စရေး အပေါ် ဖိအားများလာနိုင်တယ်လို့ ယူဆကြပါတယ်။
(Unicode)