သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြို့တော် Copenhagen က ဈေးဝယ်စင်တာ တိုက်ခိုက်ခံရမှု အများအပြား သေဆုံး ဒဏ်ရာရ


Copenhagen မြို့တော်က Fields ဈေးဝယ်စင်တာ
Copenhagen မြို့တော်က Fields ဈေးဝယ်စင်တာ

[[ ZAWGYI / UNICODE ]]

မြို့တော် Copenhagen က ဈေးဝယ်စင်တာ တိုက်ခိုက်ခံရမှု အများအပြား သေဆုံး ဒဏ်ရာရ

ဒိန်းမတ်နိုင်ငံ Copenhagen မြို့တော်က Fields ဈေးဝယ်စင်တာမှာ တနင်္ဂနွေနေ့က သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူအတော်များများ သေဆုံးပြီး ၊ ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း ရဲက ပြောတယ်လို့ AP သတင်းမှာ ဖေါ်ပြပါတယ်။ သေဆုံးသူ အရေအတွက်ကိုတော့ ခုချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ Fields ဈေးဝယ်စင်တာဟာ စကင်ဒီနေးဗီးယား တိုင်းပြည်တွေထဲက အကြီးဆုံး ဈေးဝယ်စင်တာတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။

ပစ်ခတ်သူလို့ သံသယရှိတဲ့ သေနတ်သမားကိုတော့ အဲဒီ Fields ဈေးဝယ်စင်တာ နားတဝိုက်မှာပဲ ဖမ်းမိခဲ့ပြီး၊ သူဟာ အသက်(၂၂)နှစ် အရွယ်ရှိတဲ့ ဒိန်းမတ်နိုင်ငံသား ဖြစ်တယ်လို့ ကိုပင်ဟေဂင် မှုခင်းရဲဌာနအကြီးအကဲ Søren Thomassen က ပြောပါတယ်။ ဒီ သေနတ်သမားဟာ အကြမ်းဖက်ဝါဒစွဲနဲ့ လုပ်ဆောင်ခဲ့တာ ဟုတ်မဟုတ် ဆိုတာကိုတော့ မဆုံးဖြတ်ရသေးကြောင်း သူက ပြောပါတယ်။ အခုချိန်ထိ သိရသလောက် ဒီပစ်ခတ်မှုမှာ အခြားသူတွေ ပါဝင်တယ်ဆိုတဲ့ သတင်းမျိုးလည်း မရထားသေးကြောင်း ရဲက ပြောပါတယ်။

သေနတ်သမားရဲ့ အသက်အရွယ်ကလွဲလို့ အခြား အချက်အလက်တွေကိုလည်း ရဲက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကိုပင်ဟေဂင်မြို့ရဲ့ တောင်ဖက် ၊ မြို့စွန်မှာရှိတဲ့ အဲဒီဈေးဝယ်စင်တာဟာ မြေအောက်ရထား တခုနဲ့ချိတ်ဆက်ထားပြီး မြို့လယ်ခေါင်ကိုရော လေဆိပ်ကိုပါ သွားလာရ လွယ်ကူတဲ့ နေရာဖြစ်ပါတယ်။ အဝေးပြေးကားလမ်းနဲ့လည်း နီးပြီး ၂၀၀၄ ခုနှစ်က ဖွင့်လှစ်ခဲ့တာပါ။

ဈေးဝယ်စင်တာ တဝိုက် လူတွေ ပြေးလွှား ငိုကြွေးနေကြတယ်လို့ မျက်မြင်တွေက ပြောပြီး၊ ဒိန်းမတ် TV2 သတင်းထောက်ရဲ့ လူမှုကွန်ယက် ပေါ်က ပုံထဲမှာတော့ လူတဦးကို ထမ်းစင်နဲ့ သယ်သွားတာ တွေ့ရပါတယ်။

Fields ဈေးဝယ်စင်တာက ပစ်ခတ်မှု သတင်းဆိုးကို ကြားခဲ့ရကြောင်း ၊ ဒါပေမဲ့ လူဘယ်နှဦး သေတယ် ၊ ဘယ်နှဦး ဒဏ်ရာရတယ်ဆိုတာ အတိကျ မသိရ သေးကြောင်း Copenhagen မြို့တော်ဝန် Sophie H. Andersen က သူ့ တွစ်တာမှာ ရေးပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{ UNICODE }}







XS
SM
MD
LG