သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်-လန်ချန်းအစည်းအဝေးနဲ့ မြန်မာ့အရေးတရုတ်ချည်းကပ်မှု


Wang Yi Attends Special ASEAN-China Foreign Ministers' Meeting in Celebration of the 30th Anniversary of Dialogue Relations 2021/06/07
Wang Yi Attends Special ASEAN-China Foreign Ministers' Meeting in Celebration of the 30th Anniversary of Dialogue Relations 2021/06/07

စစ်ကောင်စီနဲ့ အဆင့်မြင့်ဆက်ဆံရေးတိုးမြင့်လာတဲ့ တရုတ်ရဲ့နည်းနာဟာ သူ့ရဲ့ အကျိုးစီးပွားကို အဓိကရှေ့တန်းတင်တာဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်သုတေသီတဦးက သုံးသပ်ပါတယ်။ အာဆီယံက မြန်မာနဲ့အဆင့်မြင့်ဆက်ဆံရေး လက်မခံထားပေမယ့် တရုတ်က ဦးဆောင်တဲ့ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြန်မာကို အိမ်ရှင်အဖြစ်လက်ခံကျင်းပစေပြီး မဲခေါင်ဒေသ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်အောင် တရုတ်ကဖိအားပေးနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို ဘယ်လိုချည်းကပ်နေလဲ။ မအင်ကြင်းနိုင် စုံစမ်းမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြုလုပ်ခဲ့တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီအပါအဝင် ဒေသတွင်းနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက် တာဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ အစိုးရကိုအသိအမှတ်ပြုတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့တာပါ။

ဒါပေမယ့်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီရဲ့မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ အဓိကအချက်နှစ်ချက်တွေ့ရတယ်လို့ USIP အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူး Jason Tower ကဗွီအိုအေကိုပြောပါတယ်။ မြန်မာနိုင်ငံထဲမှာရှိတဲ့ သူ့ရဲ့ စီးပွားရေး စီမံကိန်းတွေကို ရှေ့ဆက်လုပ်ဆောင်ဖို့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို တရုတ်က ကောင်းမွန်တိုးတက်ချင်တဲ့ ဆန္ဒရှိနေပြီးတော့ ဒုတိယအချက်အနေနဲ့ အာဆီယံနိုင်ငံတွေကို သူချည်းကပ်နေတဲ့လမ်းကြောင်းအတိုင်း လိုက်ပါလုပ်ဆောင်ဖို့ တွန်းအားပေးခဲ့ပေမယ့် ဖြစ်မလာတဲ့အပေါ်မှာ စိတ်ပျက်နေတဲ့ တရုတ်အစိုးရဟာ သူလမ်းစဉ်ကို လိုက်လိုတဲ့ မဲခေါင်ဒေသက နိုင်ငံတချို့နဲ့ ပူးပေါင်းဆောင်ရွက်လာတာဖြစ်တယ်လို့ Jason Tower ကပြောပါတယ်။ ဒါကြောင့် အခု အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့နဲ့ အစည်းအဝေးကို မြန်မာနိုင်ငံမှာ ကျင်းပခိုင်းပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကိုယ်တိုင်တက်ရောက်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံ စကားပြောခဲ့တာနဲ့ ပတ်သက်လို့ ထူးခြားချက်တွေ ဘာတွေတွေ့ရသလဲလို့ မေးကြည့်တော့-

"ထူးခြားချက်အနေနဲ့ စစ်ကောင်စီ အဆင့်မြင့်အရာရှိတွေနဲ့ ထိတွေ့ဆက်ဆံရေးဆိုတဲ့ သူ့ရဲ့ ချဉ်းကပ်မှုနည်းလမ်းအတိုင်း
လိုက်နာဖို့ မဲခေါင်ဒေသတွင်း အာဆီယံနိုင်ငံတွေကို တရုတ်က အောင်အောင်မြင်မြင် တွန်းအားပေးနိုင်ခဲ့ပါတယ်။ မြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေး နယ်ပယ်တချို့မှာ တရားဝင်ဖြစ်အောင်လုပ်ပြီး ပြည်တွင်းမှာရှိနေတဲ့ စီးပွားရေးစီမံကိန်းတွေ ရှေ့ဆက်အကောင်အထည်ဖေါ်ဖို့အတွက် တရုတ်က အဓိက အာရုံစိုက်ဖို့ပဲဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ဒါကြောင့် စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ တရုတ်က အာရုံပြောင်းကြိုးပမ်းနေသလို အာဆီယံနဲ့ ကင်းကင်းကွာကွာနေပြီး သူ့နည်းလမ်းအတိုင်း လိုက်နာလိုတဲ့အပြင် မြန်မာစစ်တပ်နဲ့ ပုံမှန် စီးပွားရေး ပြန်လုပ်လိုတဲ့ မဲခေါင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ တရုတ်အနေနဲ့ သဘောထား ပျော့ပျောင်းတဲ့ဆက်ဆံရေးမျိုး နဲ့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သူ့ရဲ့ စီးပွားရေးစီမံကိန်းတချို့ ရှေ့ဆက်လုပ်ဆောင်နိုင်ဖို့အတွက် စစ်ကောင်စီကို ပိုပြီးအကူအညီပေးဖို့၊ ပိုမိုတရားဝင်အောင်လုပ်ဖို့ လမ်းကြောင်းဘက်ကို တရုတ်က ရွှေ့နေတယ်လို့ မြင်ပါတယ်။"

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီရဲ့ မြန်မာခရီးစဉ်နဲ့ ပတ်သက်လို့ ဝေဖန်တုံ့ပြန်မှုတွေ ရောထွေးနေတာ တွေ့ရပါတယ်။ တချို့ကလည်း တရုတ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတွေကို ဆက်ပြီးဖွင့်ထားလိုတဲ့ စိတ်ဆန္ဒရှိနေတာကို ကြိုဆိုခဲ့ကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ တရုတ်-မြန်မာဆက်ဆံရေး လေ့လာသုံးသပ်သူ တရုတ်အခြေစိုက် ဒေါက်တာလှကျော်ဇောကတော့ တရုတ်က သူ့သေနင်္ဂဗျူဟာနဲ့လုပ်နေတာဖြစ်ပေမယ့် စစ်ကောင်ဆီကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေကလည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရမယ်လို့မြင်ကြောင်း ဗွီအိုအေကိုပြောပါတယ်။

မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ကြီးမားတဲ့ စီးပွားရေးစီမံကိန်းတွေကို ရှေ့ဆက်အကောင်အထည်ဖေါ်ရေးမှာ လက်ရှိ အကြမ်းဖက်မှုတွေကြီးထွားနေတဲ့ပြည်တွင်း အခြေအနေမှာ အလွန်ကို အန္တရာယ်ကြီးမားနေတယ်လို့ Jason Tower က မြင်ပါတယ်။

"အခုလို တရုတ်အနေနဲ့ သူတို့ စီးပွားရေးစီမံကိန်းတွေကို ရှေ့တိုးလုပ်ဆောင်ဖို့၊ အကြီးစား အခြေခံအဆောက်အအုံစီမံကိန်းတချို့ကို အကောင်အထည်ဖေါ်ဖို့ အတွက် စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေး လက်ရှိလှုပ်ရှားမှုဟာ တကယ့်ကို ရန်ဆွပေးနေတာပါ။ ဒါအပြင် မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်မှုတွေ သိသိသာသာတိုးမြှင့်အောင် ဖန်တီးခြင်းအားဖြင့် တရုတ်အတွက် အမှန်တကယ် အန္တရာယ်များပါတယ်။ အထူးသဖြင့် ရထားလမ်းဖောက်ဖို့ ရည်ရွယ်ထားတဲ့ ရထားလမ်းစီမံကိန်းကိုကြည့်ရင် စစ်ကောင်စီကောင်းကောင်းထိန်းချုပ်မထားနိုင်တဲ့ ရှမ်းပြည်နယ် အစိတ်အပိုင်းတွေကို ကျော်ဖြတ်ရမှာဖြစ်သလို PDF တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ မကွေးလို ဒေသတွေကို ဖြတ်ပြီး ဖေါက်လုပ်ရမှာပါ။ ဒါကြောင့် အခြေခံအဆောက်အအုံတွေကို ဆက်ပြီးတည်ဆောက်ဖို့ တွန်းအားပေးမယ်ဆိုရင် လက်တွေ့မှာ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့အကျိုးစီးပွားကို ထိခိုက်စေရုံသာမက မြန်မာပြည်သူတွေကိုပါ ထိခိုက်နစ်နာစေမယ်လို့ကျနော်မြင်ပါတယ်။"

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရဲ့ မြန်မာခရီးစဉ်ဟာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးအချက်ပါဝင်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖေါ်ရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို နှောင့်နှေးသွားစေပြီး အထူးသဖြင့် မြန်မာစစ်ကောင်စီကို လူသိရှင် ကြားထိတွေ့ဆက်ဆံတာဟာ စစ်ခေါင်းဆောင်တွေကို ရဲဆေးတင်ပေးသလိုဖြစ်နေကြောင်းလည်းဒေသအရေးကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြကြောင်း နစ်ကေးအေးရှားသတင်းမှာ ဖေါ်ပြထားပါတယ်။

=======================










XS
SM
MD
LG