သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင် ပဋိပက္ခတွေကြား ကလေးတွေ ထိခိုက်သေကျေမှု ကုလသတိပေး


Virginia Gamba
Virginia Gamba

Zawgyi/ Unicode

Zawgyi

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားက လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးငယ်တွေ ထိခိုက်သေကျေမှုတွေနဲ့ မြေဇာပင်ဖြစ်နေကြရဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ ကလေးငယ်တွေနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် အစီရင်ခံစာနဲ့ ပတ်သက်လို့ ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂ဝ၂၁ ခုနှစ်က တိုးတက်မှုတချို့ရှိခဲ့ပေမယ့် ကလေးသူငယ်တွေဟာ လူသားတွေဖန်တီးတဲ့ ပဋိပက္ခတွေရဲ့ ဆိုးကျိုးတွေကို ဆက်လက်ပြီး ခံစားနေကြရသေးတယ်လို့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Virginia Gamba က ပြောပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ ကလေးသူငယ်များ နဲ့ လက်နက်ကိုင် ပဋိပက္ခ CAAC နှစ်ပတ်လည် နောက်ဆုံး အစီရင်ခံစာ ကို တင်သွင်းစဉ်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

“ကမ္ဘာတဝှမ်း ပဋိပက္ခတွေ ပျံ့နှံမှုနဲ့ ကလေးငယ်တွေအပေါ်မှာ ပြင်းထန်တဲ့ အခွင့်အရေးချိုးဖောက်မှုတွေဟာ သိသိသာသာ ဆက်စပ်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေဟာ အားနွဲ့သူတွေအပေါ်မှာ ဆိုးဆိုးဝါးဝါး ထိခိုက်စေသလို၊ ကလေးတွေအပေါ်မှာ သိသိသာသာ ထိခိုက်ပါတယ်။”

မြန်မာနိုင်ငံမှာလည်း ၂ဝ၂၁ ခုနှစ်က အသက် ၁၂ နှစ်အရွယ်အထိ ငယ်ရွယ်သူတွေ အပါအဝင် ကလေး ၂၈၀ ကို စစ်တပ်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက အသုံးချခဲ့ကြောင်း ဖော်ပြထားပါတယ်။ ကမ္ဘာတလွှားက ပဋိပက္ခတွေအတွင်း သေဆုံးရတဲ့ ကလေးငယ် ၄ဝ ရာခိုင်နှုန်းနီးပါးဟာ စစ်ပွဲက ကျန်ခဲ့တဲ့ မြေမြုပ်မိုင်း နဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ဖြစ်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။

ကလေးငယ်တွေအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေဟာ အစွန်းရောက်အဖွဲ့အစည်းတွေ လှုပ်ရှားတဲ့ နိုင်ငံတွေမှာ ပိုဆိုးတယ်လို့လည်း အထူးကိုယ်စားလှယ်က ပြောပါတယ်။

“Boko Haram နဲ့ အုပ်စုခွဲတွေ အနောက်အာဖရိက အခြေစိုက် IS အဖွဲ့တို့လို အင်မတန်မှာ အစွန်းရောက်တဲ့ အုပ်စုတွေ လှုပ်ရှားတဲ့ နိုင်ငံတွေမှာ အရင်တုန်းက စုစုစည်းစည်း မရှိခဲ့ကြပေမဲ့ အခုအခါ ပိုပြီးစုစည်းမိလာနေကြပြီး မိန်းကလေးတွေအပေါ် ပစ်မှတ်ထားတာတွေ ရှိလာပါတယ်။ မိန်းကလေးတွေကို ပြန်ပေးဆွဲဖို့ ပစ်မှတ်ထားတာ၊ အဓမ္မပြုကျင့်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖို့ ပစ်မှတ်ထားတာတွေလည်း ရှိလာပါတယ်။”

အစီရင်ခံစာထဲမှာ ယူကရိန်း၊ အာဖဂန်နစ္စတန် ၊ ဆိုမာလီ အပါအဝင် နိုင်ငံအတော်များများက ကလေးသူငယ်တွေရဲ့ အခြေအနေတွေကို လေ့လာစုံစမ်းပြီး အချက်အလက်တွေနဲ့ တင်ပြထားပါတယ်။ ဒါအပြင် ကလေးသူငယ်တွေ အပေါ် အကြမ်းဖက် ချိုးဖောက်မှုတွေက နေ့စဉ် ပျမ်းမျှ ၆၅ ခုရှိပြီး စုစုပေါင်း အပြင်းထန်ဆုံး ချိုးဖောက်ခံရမှုတွေဟာ ၂ သောင်း ၄ ထောင်နီးပါးရှိတယ်လို့ မီးမောင်းထိုးပြထားပါတယ်။ ကမ္ဘာတဝှမ်းဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေနဲ့ ဆေးရုံများကို တိုက်ခိုက်မှုများ များပြားလာခဲ့ပါတယ်။ ဒါအပြင် ကလေးသူငယ်ပေါင်း ၂ သောင်း ၈ ထောင်ကျော်ဟာလည်း ပဋိပက္ခထဲမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရပြီး ညှင်းပန်းနိုပ်စက် ၊ လိင်ပိုင်ဆိုင်ရာ အပါအဝင် အကြမ်းဖက်ခံခဲ့ကြရတယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ မိန်းကလေး ၆၉ ယောက်အပါအဝင် ကလေးငယ် ၄၆၂ ယောက်အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၅၀၃ မှုရှိခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode








XS
SM
MD
LG