သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံ ကြိုးပမ်းမှုတွေ အားနည်းချက်ရှိ (NUG ဝန်ကြီး ဦးထင်လင်းအောင်)


NUG အစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်
NUG အစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ထုတ်ပြန်ချက်ဟာ ထိရောက်မှု အားနည်းတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတဦးက ပြောကြားပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို စစ်ကောင်စီက လိုက်နာ အကောင်အထည်ဖေါ်တာမျိုး မလုပ်ဘူးဆိုရင် အာဆီယံအနေနဲ့ ဘယ်လို အရေးယူမလဲဆိုတဲ့ သတ်မှတ်ချက်ရှိဖို့ လိုတယ်လို့ NUG ဖက်က ထောက်ပြပါတယ်။ NUG အစိုးရရဲ့ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ဒီသတင်းပတ်ထဲ ကျင်းပနေတဲ့ (၅၅)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲကနေ မြန်မာ့အရေး အာဆီယံ သဘောတူညီချက် (၅)ရပ်ကို စစ်ကောင်စီက အကောင်အထည်ဖော်မှုအပိုင်း နှောင့်နှေးနေတဲ့အတွက် အင်မတန် စိတ်ပျက်မိတယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦး ကွပ်မျက်ကြိုးပေးခံရတာ အပါအဝင် မြန်မာ့အကျပ်အတည်းကို စိုးရိမ်တကြီး ဆွေးနွေးခဲ့ကြတယ်လို့လည်း သောကြာနေ့ ထုတ်ပြန်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲကြေညာချက်မှာ ဖော်ပြထားတာပါ။

အာဆီယံရဲ့ ကြေညာချက်က ထိရောက်မှု အားနည်းတယ်လို့ NUG ရဲ့ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဌာန ဝန်ကြီး ဦးထင်လင်းအောင်က ထောက်ပြ ပြောဆိုပါတယ်။

ဦးထင်လင်းအောင် ။. ။ ကျနော်တို့ အာဆီယံ ရဲ့ ဘုံသဘောတူချက် ၅ ချက်မှာ အဓိက အားဖြင့်တော့ အကြမ်းဖက်မှုတွေပေါ့နော်။ စစ်ကောင်စီဖက်က အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ဆိုတာပါပါတယ်။ ဒီကိစ္စက အရေးကြီးဆုံးဖြစ်နေတယ်ပေါ့လေ။ ဒီကိစ္စကို စောင့်ကြည့်တဲ့အခါမှာ အကြမ်းဖက်မှုတွေက ပိုပြီးတော့ များလာတယ်။ အခုဆိုလိုရှိရင် တိုင်းရင်းသား ဒေသတွေ အပါအဝင် စစ်ကိုင်း၊မကွေး ဒီဒေသတွေမှာ လေယာဉ်နဲ့ဗုံးကြဲတာတွေ၊ စက်သေနတ်နဲ့ ပစ်တာတွေ၊ရွာတွေကို မီးရှို့တာတွေ ဒီလိုမျိုးပါလာတော့ ဒါတွေက War Crime ကို ကျူးလွန်နေတယ်လို့ ကျနော်တို့က ပြောလို့ရတယ်။ ဒါမျိုးတွေကို သူတို့ဖက်ကနေပြီး ဘယ်လိုမျိုး အရေးယူမယ်ဆိုတာ ပါမလာတဲ့အခါကြတော့ စစ်ကောင်စီဖက်ကလည်း ဒါကို အရေးတယူနဲ့ တုံပြန်တာမျိုးမရှိဘူး။ ဒီ ၅ ချက်စလုံးကိုလည်း သူက အရေးယူဆောင်ရွက်တာ မရှိဘူးဗျ။ ဒီအကြမ်းဖက်မှုတွေကို မရပ်တန့်ဘူးဆိုရင် ပြတ်ပြတ်သားသား ထုတ်ပြန်သင့်တယ်။ ဘယ်လိုအရေးယူမယ်ဆိုတာ အာဆီယံ နိုင်ငံတွေအနေနဲ့ ပူးတွဲပြီးတော့ အဖြေရှာသင့်တယ်"

မြန်မာနိုင်ငံရဲ့ အကျပ်ပြဿနာကို ဖြေရှင်းရာမှာ စစ်ကောင်စီ တဖက်ထဲနဲ့ မဟုတ်ပဲ NUG အစိုးရလို၊ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီလို အဖွဲ့တွေနဲ့လည်း ထိတွေ့ ဆက်ဆံသင့်တယ်လို့ မလေးရှားနိုင်ငံက အာဆီယံကို တရားဝင် တိုက်တွန်းထားပေမယ့် အာဆီယံ ပူးတွဲကြေညာချက်မှာတော့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ ပတ်သက်လို့ ထည့်သွင်းဖေါ်ပြတာ မတွေ့ရပါဘူး။ ပြဿနာတွေ ဖြေရှင်းရေးမှာ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ NUG ဝန်ကြီး ဦးထင်လင်းအောင်က မြင်ပါတယ်။

" စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက အခုဆိုလို့ရှိရင် အာဆီယံအနေနဲ့က NUG အစိုးရထဲက ဝန်ကြီးတွေနဲ့ပူးပေါင်းဆောင်ရွက်မယ်။ နိုင်ငံတကာ အစည်းအဝေးတွေမှာ NUG ကို ဖိတ်ကြားပြီးတော့ NUG အစိုးရကို ကောင်းကောင်း ဆက်ဆံကြမယ်။ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုလို့ရှိရင် တနှစ်အတွင်းမှာတင် ဒီနိုင်ငံဟာ ဦးမော့လာမယ်ဆိုတာ ကျနော်တိတိကျကျပြောနိုင်ပါတယ်"

မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်မှုမရှိကြောင်း အာဆီယံရဲ့ ထုတ်ပြန်ချက်ကိုတော့ စစ်ကောင်စီက သောကြာနေ့မှာပဲ ကန့်ကွက်လိုက်ပါတယ်။ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မရှိကြောင်း အာဆီယံပူးတွဲကြေညာချက်မှာ ဖော်ပြတာဟာ အမှန်တကယ် ကြိုးပမ်းမှုတွေကို မျက်ကွယ်ပြုရာရောက်တဲ့အတွက် ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

NUG ဝန်ကြီးဦးထင်လင်းအောင်ကတော့ မြန်မာစစ်အာဏာပိုင်တွေအပေါ် ဒီထက်ပို ထိရောက်အောင် မကိုင်တွယ်နိုင်ရင် အာဆီယံရဲ့ ဂုဏ်သိက္ခာကိုပါ ထိပါး လာလိမ့်မယ်လို့ သတိပေးပါတယ်။ မြန်မာ့အရေး လွှမ်းမိုးနေတဲ့ အာဆီယံအစည်းအဝေးတွေ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေချိန်မှာပဲ NUG ရဲ့အာဆီယံ သံအမတ်ကြီး ဦးဘိုလှတင့်ကလည်း နှုတ်ထွက်သွားပါတယ်။ ဒီကိစ္စကို NUG ဖက်က ဘယ်လိုဆက်လက် ကိုင်တွယ် ဆောင်ရွက်နေပါသလဲ။ ဝန်ကြီး ဦးထင်လင်းအောင်က ခုလို ရှင်းပြပါတယ်။

" သံအမတ်ကြီး နုတ်ထွက်သွားပြီးတော့ ဒီနေရာမှာ အစားထိုးခန့်အပ်ဖို့တော့ရှိပါတယ်။ ဒီဆက်ဆံရေး ကဏ္ဍမှာတော့ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး လည်းရှိတယ်။ ဒေါ်ဇင်မာအောင် လည်းရှိတယ်ဆိုတော့ သူတို့နဲ့တိုက်ရိုက် ဆက်ဆံရတဲ့ သဘောမျိုးတော့ဖြစ်သွားပါတယ်။ မကြာခင်မှာလည်း ဒီ နေရာကို အစားထိုး ခန့်အပ်ဖို့လည်း နိုင်ငံခြားရေးဝန်းကြီးဌာနက ကြိုးပန်းနေတယ်ဆိုတာ သိရပါတယ်ခင်ဗျာ"

ကိုဉာဏ်ဝင်းအောင် ။. ။ ဟုတ်ကဲ့ အာဆီယံ သံအမတ်ကြီး ဦးဘိုလှတင့် ကို NUG ခန့်အပ်တုံးက တရားဝင် ကြေညာချက်ထုတ်ပြန်ခန့်ပါတယ်။ နုတ်ထွက်သွားတော့ တရားဝင် ကြေညာတာမရှိပါဘူး။ အဲဒါက ဘယ်လိုအကြောင်းတွေ ရှိလို့ပါလဲခင်ဗျာ။

ဦးထင်လင်းအောင် ။. ။ နုတ်ထွက်တာ ရက်ပိုင်းဆိုတော့ နုတ်ထွက်စာတင်ထားတယ်။ ပြီးရင် အဆင့်ဆင့် လုပ်ဆောင်ရမှာတွေကို ဝန်ကြီးချုပ်ရုံး သမ္မတရုံးကနေပြီးတော့ တရားဝင်ထွက်လာလိမ့်မယ်လို့တော့ ခန့်မှန်းမိပါတယ်။

မြန်မာ့အရေး အာဆီယံရဲ့ ဆောင်ရွက်မှုတွေ ထိရောက်မှု မရှိဘူးဆိုရင် စွမ်းအင်လုပ်ငန်း အပါအဝင် စစ်အာဏာပိုင်တွေအတွက် ဝင်ငွေ ရလမ်းတွေကို အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ အမေရိကန် ထိပ်တန်းရီပတ်ဘလစ်ကန် ခေါင်းဆောင်တယောက်ဖြစ်တဲ့ Mitch McConnell ကလည်း ဒီသီတင်းပတ်ထဲမှာပဲ တိုက်တွန်းထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီး Antony Blinken အနေနဲ့ မြန်မာစစ်အာဏာပိုင်တွေအပေါ် ဖိအားပေးဖို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေ၊ အာဆီယံအဖွဲ့ဝင်တွေကို ပြတ်ပြတ်သားသား သတင်းစကားပါးဖို့နဲ့ အာဆီယံက ပျက်ကွက်ခဲ့ရင် အမေရိကန် အစိုးရက မြန်မာ့အရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း အပါအဝင် စစ်ကောင်စီ ဝင်ငွေရလမ်းတွေကို ပိတ်ဆို့အရေးယူဖို့လည်း ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.....................













XS
SM
MD
LG